October 30, 2024

၁၃.၁၀.၂၀၂၂

Written By A Thaung

မြန်မာပြည်တွင်းတွင် ထုတ်လုပ်ရောင်းချနေသည့် ကားတာယာများအားဝယ်ယူရန် ဘရာဇီးလ်နိုင်ငံအခြေစိုက် SunAmerica ကုမ္ပဏီက ကမ်းလှမ်းမှုများရှိနေကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။

လက်ရှိအချိန်တွင် မြန်မာပြည်တွင်းထုတ်လုပ်သော အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မရှိသည့် ကားတာယာများ၊ လုပ်ငန်းသုံးထရပ်ကားတာယာများအား ဝယ်ယူလိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်တွင်းထုတ် မော်တော်ကားတာယာများအား ဝယ်ယူလိုသည့်ကုမ္ပဏီသည် The National Institute of Metrology Quality and Technology လက်မှတ်ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး တရုတ်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံများမှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာများ ဝယ်ယူလျှက်ရှိကာ မြန်မာကုမ္ပဏီများအနေဖြင့် မော်တော်ကားတာယာများ ထုတ်လုပ်ရောင်းချလိုပါက အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ကမ်းလှမ်းမှုများရှိနေသည်။

လက်ရှိ မြန်မာပြည်တွင်း မော်တော်ကားတာယာထုတ်လုပ်နေသည့် တာယာထုတ်လုပ်ရေးစက်ရုံ ၇ ရုံရှိနေပြီး ယင်းတို့မှထုတ်လုပ်သည့် မော်တော်ကားတာယာများအား ပြည်တွင်းတွင်အသုံးပြုရန် မလုံလောက်သဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းရောင်းချနေရကြောင်း မော်တော်ကားတာယာတင်သွင်းရောင်းချသူတစ်ဦးက ပြောသည်။ 

“ရန်ကုန်တာယာဆို ထုတ်နေတာအများကြီးပဲ။ ဒီမှာရောင်းလို့တောင်မလောက်ဘူး။ တရုတ်နဲ့ထိုင်းကနေ သွင်းရောင်းနေရတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းထုတ်မော်တော်ကားတာယာများအား ဘရာဇီးလ်နိုင်ငံသို့ တင်ပို့ရောင်းချလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၆၂၂ ၊ ၀၆၇-၃၄၀၈၆၃၃ သို့ ဆက်သွယ်ချိတ်ဆက် ရောင်းချနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *