MT News
Written by Tha Doe
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရွှေလီ-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို တည်ငြိမ်စွာ ဆွေးနွေးဖော်ဆောင်နေသည်ဟု ကျောက်ဖြူစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ တာဘိုင်စက်စတင်လည်ပတ်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai က ပြောသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။
သံအမတ်ကြီး Mr. Chen Hai က ကျောက်ဖြူစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ ပထမဆုံးတာဘိုင်စက် စတင်လည်ပတ်ခြင်းအတွက် ဂုဏ်ယူကြောင်း၊ “Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုအား အဆက်မပြတ် မြှင့်တင် ဖော်ဆောင်လျက်ရှိကြောင်းလည်း ပြောသည်။
ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အား လိုအပ်သည့် အခက်အခဲကို တက်တက်ကြွကြွ ကူညီဖြေရှင်းပေးလျက်ရှိပြီး တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရဲရွာနှင့် ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံ၊ သထုံနှင့် သာကေတ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ရခိုင်ပြည်နယ် သူဌေးရေအားလျှပ်စစ်စက်ရုံစသည့် လျှပ်စစ်ဓာတ်အားစီမံကိန်းများစွာကို ပါဝင်တည်ဆောက်လျက်ရှိသည့်အပြင် လက်ရှိတွင် တာပိန် (၁) ရေအားလျှပ်စစ်စက်ရုံမှ မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားထောက်ပံ့ခြင်း၊ တရုတ် – မြန်မာနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား အပြန်အလှန်ချိတ်ဆက်ခြင်း စသည့်စီမံကိန်းများကို မြှင့်တင်ဖော်ဆောင်လျက်ရှိကြောင်းလည်း တရုတ်သံအမတ်ကြီးက ဆိုသည်။
အောက်တိုဘာ ၁၀ ရက်တွင် စတင်လည်ပတ်သည့် ကျောက်ဖြူစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ၌ အသုံးပြုသော စက်ပစ္စည်းများ၏ ၉၀% နှင့်အထက်သည် တရုတ်နိုင်ငံမှထုတ်လုပ်ခြင်းဖြစ်ကာ ကုမ္ပဏီသည် ကပ်ရောဂါစသည့် အခက်အခဲများကိုကျော်ဖြတ်၍ အစီအစဉ်ထက်စောကာ ပထမဆုံးတာဘိုင်စက်အား စတင်လည်ပတ်နိုင်ခဲ့သဖြင့် တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ်အောင်မြင်သော စံနမူနာတစ်ခုဖြစ်ကြောင်း Mr.Chen Hai က ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ အနောက်တောင်ပိုင်း၏ အရေးပါဒေသဖြစ်ကာ ကျောက်ဖြူတွင်စတင်သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်ပြီးစီး၍ လည်ပတ်လာကတည်းက တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်အတွက် လက်တွေ့ကျကျ အကျိုးစီးပွားသယ်ဆောင်လာပေးကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ တရုတ်-မြန်မာအား ဆက်သွယ်လျက်ရှိသည့် ရွှေလီ-ကျောက်ဖြူရထားလမ်း စသည့်အရေးပါစီမံကိန်းများကိုလည်း တည်ငြိမ်စွာဆွေးနွေးဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုဖော်ဆောင်လာသည်နှင့်အမျှ ရခိုင်ပြည်နယ်သည် ပိုမိုတိုးတက်လာမည်ဟုယုံကြည်ကြောင်း တရုတ်သံအမတ်ကြီးက ပြောသည်။
ကျောက်ဖြူစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံသည် Power China Resources Co.,Ltd မှရင်းနှီးမြှုပ်နှံတည်ဆောက်ခြင်းဖြစ်သည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ရရှိခဲ့ပြီး စက်တင်ဆင်အင်အားမှာ ၁၃၅ မဂ္ဂါဝပ်ဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်လည်ပတ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး ကျောက်ဖြူစွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးပြီးနောက် နှစ်စဉ် မဟာဓာတ်အားလိုင်းသို့ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၀ ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။