October 30, 2024

၁၂. ၁၀. ၂၀၂၂

Written by Nay Moe

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်းမွန်းချောင် တောင်တက်ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ(၁) နှင့် PDF တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှုတွင် ဘုရားဖူး အမျိုးသမီး ၃ ဦး သေဆုံးပြီး ၁၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း SAC က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဝါကျွတ်ကာလ အများပြည်သူများ အေးချမ်းစွာ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရားအား ဖူးမြော်ကုသိုလ်ယူ၍ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ (၁) နှင့် NUG- CRPH တို့၏ လက်ဝေခံ PDF ပူးပေါင်းအဖွဲ့တို့က ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဆောင်နိုင်ကြီးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်းမွန်းချောင် တောင်တက်ကားဂိတ်အား အကြောင်းမဲ့ ပစ်ခတ်ကာ ဆောင်နိုင်ကြီးရွာဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့သည်။

ထို့သို့ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ထွက်ပြေးသွားသည့် အကြမ်းဖက် သမားများအား ထိရောက် စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ထပ်ကြပ်လိုက်လံချေမှုန်းလျက်ရှိသည်ဟု SAC က ဆိုသည်။

”ဆုံးပါးသွားတဲ့ အမျိုးသမီးတွေက ရန်ကုန် သင်္ဃန်းကျွန်းကလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

KNLA တပ်မဟာ (၁) နှင့် NUG-CRPH တို့၏ လက်ဝေခံ PDF ပူးပေါင်းအဖွဲ့ အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူအေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း ယခုကဲ့သို့ ရက်စက်သော အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်မှုသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှု များအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့ အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု ( Counter-terrorism Action ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှု သတင်းများရရှိက လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာသတင်းပေးတိုင်ကြားရန် အသိပေး သတင်းထုတ်ပြန်အပ်သည်ဟုလည်း SAC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *