၂၅. ၄. ၂၀၂၃
Written by Min Mahar
အမရပူရမြို့နယ်ရှိ အများပြည်သူများဖြတ်သန်းသွားလာနေသောလမ်းပေါ်တွင် Double Cab အဖြူရောင်ကားပေါ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစ်စီးလုံးပျက်စီးသည့်အပြင် ဖြတ်သွားသည့် Hino 300 အဖြူရောင်ဘောက်ကားပေါ်မှ ယာဥ်နောက်လိုက်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဧပြီလ ၂၅ ရက် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ ကနဦးသိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ရှမ်းလေးကျွန်းကျေးရွာ၊ မြို့ပြစီမံကိန်းဧရိယာဝန်းခြံစည်ရိုးဘေး ၊ စစ်ကိုင်း-မန္တလေးကမ်းနားလမ်းအနောက်ဘက် ဇီဝိတဒါနသံဃာဆေးရုံအနောက်ဘက်တွင် ရပ်ထားသည့် YGN-6 (5C/6080) Double Cub အဖြူရောင်ကားပေါ်တွင် ဗုံတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဥ်တစ်စီးလုံးပျက်စီးကာ အနီးတွင်ဖြတ်သန်းသွားသော Hino 300 အဖြူရောင်ဘောက်ကားပေါ်မှ ယာဥ်နောက်လိုက် အသက် ၂၈ နှစ်အရွယ်အမျိုးသားလည်း ဗုံးစများထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် Double Cab အဖြူရောင်ကားသည် ရစရာမရှိအောင် ကြေမွပျက်စီးသွားပြီး အနီးတွင်ဖြတ်သန်းသွားသော Hino 300 အဖြူရောင်ဘောက်ကားသည်လည်း အနည်းငယ်ပျက်စီးသွားကာ ၎င်းယာဉ်နောက်လိုက်အမျိုးသားမှာမူ ယာဘက်ပါးပြင်ပေါက်ပြဲဒဏ်ရာ၊ ညာဒူးပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“အုံး ဆိုတဲ့ အသံအကျယ်ကြီးထွက်လာပြီး မြေကြီးတွေပါတုန်ခါသွားတယ်။ ဇီဝိတဒါနသံဃာ့ဆေးရုံအနောက်ဘက်မှာ ရပ်ထားတဲ့ Double Cab အဖြူရောင်ကားပေါ်က ဗုံးပေါက်ကွဲတယ်ကြားတာပဲ။ ဘယ်သူတွေလာလုပ်သွားတယ်ဆိုတာတော့ အခုထိမသိရ မကြားရသေးဘူး။ ကားကလည်းဘယ်ချိန်ထဲက ရပ်ထားတာလည်းတော့မသိဘူး။ ဘယ်သူ့ကားလည်းဆိုတာလည်း မသိရသေးဘူးကြားတယ်။ ကားပေါ်မှာ ချိန်ကိုက်လုပ်ပြီး လာထားသွားတာဖြစ်မယ်လို့ ပြောသံတွေကြားနေရတယ်။ အသေအပျောက်တော့မကြားရဘူး။ ဖြတ်သွားတဲ့ Hino အဖြူရောင်ဘောက်ကားပေါ်က ယာဉ်နောက်လိုက်တစ်ယောက်တော့ ဗုံးစတွေထိသွားတယ်”ဟု အခင်းဖြစ်ရာအနီးနေထိုင်သူတစ်ဦးက MT News သတင်းဌာန၏ မေးမြန်းစုံစမ်းမှုကို ယခုကဲ့သို့ ဖြေကြားသည်။
အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ ကားဗုံးလာရောက်ဖောက်ခွဲသည့်သူများအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်းလည်း သိရသည်။