October 19, 2024

၂၅. ၄. ၂၀၂၃
Written by Ye Kyaw

အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ၌ အဓိက ပူးပေါင်းဆောင်ရွက်လိုပြီး အိန္ဒိယကုမ္ပဏီ ၂၅ ခုက တစ်ပါတည်း လိုက်ပါဆောက်ရွက်လျက်ရှိကြောင်း ဧပြီ ၂၄ ရက်က ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ပြုလုပ်သည့် India-Myanmar Multisector B2B Matchmarking အခမ်းအနားတွင် အိန္ဒိယစီးပွားရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr.Jagat Shah က ပြောသည်။

“ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် အဓိကဆောင်ရွက်လိုပြီး လုပ်ငန်းတူ ပူးပေါင်းရန် အိန္ဒိယကုမ္ပဏီ ၂၅ ခု ပါဝင်လာခဲ့ပါတယ်။ နှစ်နိုင်ငံအကြား တိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီများ၊ ဆေးနှင့်ဆေးပစ္စည်းကုမ္ပဏီများ အများဆုံးပါဝင်ပါတယ်” ဟု Mr.Jagat Shah က ပြောသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပူးပေါင်းတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းလုပ်ငန်း၊ ဆေးရုံလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ ချည်မျှင်နှင့် အထည်လိပ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်လုပ်ငန်း၊ နည်းပညာ၊ စိုက်ပျိုးရေး၊ ကြံနှင့် သကြားထုတ်လုပ်မှုလုပ်ငန်း၊ စွမ်းအင်နှင့် ဘဏ်လုပ်ငန်း စသည့်ကဏ္ဍများတွင် မြန်မာလုပ်ငန်းရှင်များနှင့် Joint Venture ဆောင်ရွက်နိုင်ရေးအတွက် India-Myanmar Multisector B2B Matchmarking အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“နှစ်နိုင်ငံအကြားမှာ စီးပွားရေးတိုးတက်စေဖို့ အခွင့်အလမ်းရရှိမှာဖြစ်ပါတယ်။ ပုဂ္ဂလိက,ကဏ္ဍအတွက် စီးပွားရေးနှင့် ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ကုန်ထုတ်လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်း၊ အထည်ချုပ်၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာကဏ္ဍများမှာ အဓိက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများ၌ အိန္ဒိယနိုင်ငံက ဒေါ်လာ ၇၇၅ သန်းကျော်ပမာဏရှိ စီးပွားရေးလုပ်ငန်း ၃၆ ခုသာ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ၏ တစ်, ရာခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *