October 18, 2024

◾️မန္တလေးတိုင်းတွင် ဧက ၃၀၀၀၀ ခန့် စာချုပ် ချုပ်ဆိုထားဟု သိရ

၂၅. ၄. ၂၀၂၃
Written by Naing Thuta

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနား ယနေ့မနက်ပိုင်းက မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးတိုးမင်းထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၅ ရက်နေ့ မနက် ၉ နာရီမှ ၁၀ နာရီအထိ မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးရုံးအစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးမင်းနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် တောင်သူများ၊ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်းအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ဦးတိုးမင်းမှ စီမံကိန်းနှင့်ပတ်သက်သည့် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခြင်း၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မတ္တရာမြို့နယ်ကိုယ်စားပြုတောင်သူ ဦးလင်းလင်းမှ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်မှုအပေါ် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

” ဒီနေ့အခမ်းအနားက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ တိုင်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်တွေနဲ့ တောင်သူတွေ စာချုပ်ချုပ်ဆိုတဲ့အခမ်းအနားဖြစ်တယ်။ ဒီအခမ်းအနားဖြစ်ပေါ်လာရတဲ့အကြာင်းရင်းကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်မှု၊ စီမံခန့်ခွဲမှုနဲ့ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံတော်ရဲ့စီးပွားရေးအခြေအနေတွေကို ပြန်လည်မြှင့်တင်နိုင်ဖို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေပြီးတော့ တာဝန်ယူအကောင်ထည်ဖော်ဆောင်ရွက်တဲ့စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းမှာဆိုရင် လုပ်ငန်းကြီးကြပ်မှုကော်မတီနဲ့ တောင်သူတွေအရင်စာချုပ်ချုပ်ဆိုဖို့လိုပါတယ်။ စာချုပ်ချုပ်ဆိုတဲ့နေရာမှာလည်း တောင်သူတွေအနေနဲ့ စာချုပ်ပါအချက်အလက်တွေနဲ့ တာဝန်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့လည်း လိုပါတယ်။ ဒီစာချုပ်ရဲ့ရည်ရွယ်ချက်ကတော့ တောင်သူတွေအနေနဲ့ သွင်းအားစုတွေကို ထည့်သွင်းတဲ့နေရာမှာ တစ်ဧကအထွက်နှုန်းတိုးတက်စေဖို့ရန်အတွက်လည်းကောင်း၊ စျေးနှုန်းနဲ့စျေးကွက်သေချာပြီးတော့ တောင်သူတွေဝင်တိုးတက်စေဖို့ရန်အတွက်လည်းကောင်း၊ စီမံကိန်းမှာပါဝင်တဲ့ အစုအဖွဲ့အားလုံးအကျိုးအမြတ်ကိုယ်စီ ရရှိဖို့ရန်အတွက်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုတိုးတက်စေဖို့အတွက်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ပါ ပြည်ပစျေးကွက်တွေကိုပိုမိုချဲ့ထွင်နိုင်ဖို့ရန် ရည်ရွယ်ပါတယ်။ ဒါ့ပြင် ပူးပေါင်းဆောင်ရွက်တဲ့အလေ့အကျင့်ကောင်းတွေပါ ရရှိစေဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ ပြုလုပ်ခြင်းဖြစ်တယ်။ ကြီးကြပ်မှုကော်မတီတွေအနေနဲ့ တောင်သူတွေကို တစ်ဧက ၂ သိန်းနှုန်းချေးပေးမည်ဖြစ်သော်လည်း ငွေသားအနေနဲ့ပေးသွားတာမဟုတ်ဘဲ တစ်ဧကကို ၂ သိန်းနှုန်းနဲ့ညီမျှတဲ့ သွင်းအားစုတွေကို တောင်သူတွေကို ထောက်ပံ့ပေးခြင်းဖြစ်တယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ကတော့ ဒီချေးငွေတွေကိုရပြီးတော့ ချေးငွေတန်ဖိုးနဲ့ညီမျှတဲ့ ဆန်စပါးတွေကို ဝယ်ယူကြိတ်ခွဲရောင်းချသူတွေဆီကို ပြန်လည်ပေးသွင်းရမှာဖြစ်တယ်။ ဝယ်ယူ ကြိတ်ခွဲရောင်းချသူတွေကိုလည်း ချိတ်ဆက်ပေးပြီးဖြစ်တယ်။ ဒါ့အပြင်ဝယ်ယူကြိတ်ခွဲရောင်းချသူတွေကလည်း ရရှိလာတဲ့ ကျပ်၂ သိန်းဖိုးနဲ့ညီမျှသော ဆန်စပါးတန်ဖိုးကို နိုင်ငံတော်ထံ ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းနဲ့အတူ ပေးသွင်းရမှာဖြစ်တယ်။ မန္တလေးတိုင်းမှာဆိုရင် ဧက ၃ သောင်းလောက် စာချုပ်ချုပ်ဆိုထားပါတယ်။ လာမဲ့မိုးရာသီမှာလည်း အခုလိုအကောင်ထည်ဖော်ဆောင်ရွက်သွားမှာဖြစ်လို့ တောင်သူတွေအနေနဲ့လည်း ကြိုးစားလုပ်ကိုင်ပြီးပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု တိုင်းစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး ဦးတိုးမင်းက MT News သတင်းဌာနသို့ ပြော သည်။

Leave a Reply

Your email address will not be published. Required fields are marked *