October 18, 2024

၂၅. ၄. ၂၀၂၃
Written by Nay Moe

NUG ဩဇာခံ ချောင်းဦးပကဖများက အမျိုးသမီးငယ် လေးဦးအပါအဝင် ပြည်သူခုနစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၈ လကြာသည့်အထိ အရေးမယူမှုကို ရှုတ်ချကြောင်းနှင့် အရေးယူပေးရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကတောင်းဆိုသည့် သဘောထားထုတ်ပြန်ချက် (၃/၂၀၂၃) ကို ထုတ်ပြန်ထားသည်။

၂၀၂၂၊ ဩဂုတ် ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းမှ ကျေးရွာတစ်ခုတွင် NUG ၏ ဩဇာခံ ပကဖအဖွဲ့ဝင် ၄ ဦးက အသက်မပြည့်သေးသည့် ကလေးများနှင့် အမျိုးသမီး ၄ ဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည်ဟု မြေလတ်သတင်းဌာန၏ သတင်းဆောင်းပါးကတဆင့် ကြားသိရသည်။ အသတ်ခံရသည့် ၇ ဦးမှာ စစ်ကိုင်းမြို့နယ် ပဲကုတိုးကျေးရွာမှ မမြင့်မိုရ်အေး (၁၅)နှစ်၊ မဖြူချစ် (၁၇)နှစ်၊ မစန်းစန်းငယ် (၁၉)နှစ်၊ မဇင်ဇင်မော် (၂၁)နှစ်၊ မောင်အောင်ကိုစန်း (၁၅)နှစ်၊ မောင်သက်ပိုင်ဦး (၁၆)နှစ်၊ ကရင် (၂၆)နှစ်တို့ ဖြစ်ကြသည်။ အခင်းဖြစ်ပွားသည့် ကျေးရွာနေအိမ်မှ လယ်ယာသုံးပစ္စည်းများ ခိုးယူနေသည်ဟုဆိုကာာ ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးကာ ရပ်/ကျေး ပကဖများသို့ အပ်နှံရာမှ မုဒိန်းမှုနှင့် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်ဟု လူ့ဘောင်သစ်က ဖော်ပြသည်။

ထိုဖြစ်စဉ်သည် ၂၀၂၂ ခုနှစ် သြဂုတ်လ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း ယနေ့အချိန်ထိ ခေတ္တ ခေါ်ယူစစ်ဆေးသည်မှအပ တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ သာမန်ရဲဘော်များကဲ့သို့ သွားလာနေသည်ဟု ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုကဲ့သို့ လုပ်ရပ်မျိုးသည် အကြမ်းဖက်လုပ်ရပ်နှင့် တစ်ထပ်တည်း ကျနေသည့်အတွက် မိမိတို့ပါတီအနေဖြင့် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်သည်ဟု လူ့ဘောင်သစ်က ဖော်ပြထားသည်။

ထိုလုပ်ရပ်များသည် ပြည်သူလူထုလုံခြုံရေးကို ထိပါးခြင်း၊ ပြည်သူလူထု၏ယုံကြည်မှု ပျက်ပြားစေခြင်းနှင့် တော်လှန်ရေးတစ်ခုလုံးအတွက် အလွန်အကျည်းတန်စေသည်။ ထို့ကြောင့် တာဝန်ရှိသည့် သက်ဆိုင်ရာဌာနအသီးသီးက အသေအချာ စိစစ်အရေးယူပေးရန် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားပြီး တော်လှန်ရေးတစ်ရပ်နှင့် လူထုလုံခြုံရေးဆိုသည်မှာ တဆက်တစ်စပ်တည်းရှိရမည်ဖြစ်၍ ယခုဖြစ်စဉ်ကို တာဝန်ရှိသူများက နိုင်ငံရေးအရ၊ စည်းရုံးရေးအရ NUG က မှန်မှန်ကန်ကန် စိစစ်ဖြေရှင်းပြီး လူထုထံသို့ တင်ပြသွားသင့်ကြောင်းလည်း အလေးအနက် တိုက်တွန်းထားသည်။

ထိုအမျိုးသမီးငယ်များနှင့် ကလေးငယ်အပါအဝင်ပြည်သူခုနစ်ဦးကို သတ်ဖြတ်မုဒိန်းကျင့်သည့် NUG ဩဇာခံချောင်းဦးပကဖများမှာ ချောင်းဦးမြို့နယ်၊ ………..ရပ်/ကျေးပကဖတာဝန်ခံ ရန်မျိုးအောင် (ခ) နိုင်မျိုးဇော် (ခ) ပြူးကြီးနှင့် သူ့လက်အောက်မှ ရဲဘော် ဇော်ဝင်းနိုင်၊ သူရ၊ နောင်နောင်တို့က ဖမ်းဆီးပြီးနောက်တစ်ရက် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ပြီးနောက် ၇ ဦးစလုံးကို သတ်ဖြတ်ခဲ့သည်ဟု မြေလတ်အသံ သတင်းဌာနက ဖော်ပြခဲ့သည်။

မြေလတ်အသံသတင်းဌာနသို့ ပေးပို့လာသည့်ပုံများ၊ ဓာတ်ပုံမှတ်တမ်းများအရ သေဆုံးသူအားလုံး၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရာများ တွေ့ရသလို အမျိုးသမီးငယ်အားလုံးမှာလည်း အဝတ်အစားကျွတ်နေသည်ကို တွေ့ရသည်။ ထို့ပြင် အောက်ပိုင်းမှာ အဝတ်အစားမရှိဘဲ လည်ပင်းပြတ်ရှကာ ဗိုက်ပေါက်သေဆုံးနေသည့် အမျိုးသမီးငယ်တဦး၏ ဓာတ်ပုံကိုလည်း တွေ့ရကြောင်း မြေလတ်အသံက ဖော်ပြခဲ့သည်။

ပြစ်မှူကျူးလွန်သူများကို ချောင်းဦး PDF တပ်ရင်းနှင့် မြို့နယ်ပကဖများက စစ်ဆေးရာ ထို ၇ ဦးကို သတ်ဖြတ်ခဲ့သလို အဓမ္မပြုကျင့်သည်မှာလည်း မှန်ကန်ကြောင်း ကိုယ်တိုင်ဝန်ခံထားသော်လည်း ထိုမုဒိမ်းလူသတ်အမှုနှင့်ပတ်သက်၍ NUG ၏ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုမျိုး မရှိသေးဘဲ ကျူးလွန်ထားသူများကိုလည်း သာမန်တပ်ဖွဲ့ဝင်တွေလို လှုပ်ရှားသွားလာဖို့ ခွင့်ပြုထားသည်ဟု သိရသည်။

NUG ၏ ဩဇာခံ ချောင်းဦးပကဖများက အမျိုးသမီးငယ်များအပါအဝင်ပြည်သူခုနစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော်လည်း အရေးမယူခြင်းအပေါ် မြေလတ်အသံက ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မေးမြန်းရာတွင်လည်း ဖြေခွင့်မရှိကြောင်းနှင့် NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကို မေးမြန်းရာတွင်လည်း “သိရတာနဲ့ ပြန်ပြောပေးပါ့မယ်” ဟု ဖြေရုံမှအပ မည်သည့်တုံပြန်မှုမျှ မရှိသေးဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *