October 18, 2024

၂၅. ၄. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်းမှ အိန္ဒိယနယ်စပ်ဒေသကို ဝင်ရောက်ရန်ကြိုးပမ်းသူများထဲတွင် လက်နက်မပါသော နေရပ်စွန့်ခွာလာသူများကိုသာ ဝင်ရောက်ခွင့်ပေးကြောင်း အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး RP Kalita ကပြောသည်။

အိန္ဒိယဒုတိယဗိုလ်ချုပ်ကြီးက “ကျွန်တော်တို့ နိုင်ငံဟာ လူအဖွဲ့စည်းအတွင်း အကြမ်းဖက်မှုများကို သမိုင်းကြောင်းအရ အားပေးတာမျိုးမရှိခဲ့ဘူး။ အကြမ်းဖက်မှုများကို ဆန့်ကျင့်တဲ့ နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေတွေက လက်နက်ကိုင်တပ်ဖွဲ့များက မြန်မာစစ်တပ်ကို တိုက်ခိုက်နေခြင်းမျိုးဖြစ်တယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသမှာ ပြဿနာအချို့တော့ရှိစေခဲ့တယ်။ အိန္ဒိယနယ်စပ်နဲ့ နီးစပ်တဲ့နေရာတွေမှာ တိုက်ပွဲများဖြစ်လာချိန်မှာ မြန်မာနယ်စပ်ဒေသမှာ နေထိုင်သူများဟာ တိုက်ပွဲရှောင်ဖို့ နေရပ်စွန့်ခွာထွက်ပြေးလာတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ မြန်မာဘက်ခြမ်းကနေ အိန္ဒိယနိုင်ငံနယ်စပ်ဒေသကို ဖြတ်သန်းဝင်ရောက်လာမယ့်သူတွေထဲမှာ လက်နက်ကိုင်ထားသူမပါရှိအောင် လုပ်ဆောင်ဖို့ ဖြစ်တယ်။ လက်နက်မပါရှိတဲ့ သူတွေကိုသာ ပြည်နယ်အစိုးရကစီစဉ်ပေးထားတဲ့ ယာယီနေထိုင်ရေးစခန်းတွေမှာ နေခွင့်ပေးပါတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယနယ်စပ်မြို့ဖြစ်သော မိုးရေးတွင် မြန်မာနေရပ်စွန့်ခွာသူများအတွက် ယာယီနေထိုင်ရေးနှင့် ကယ်ဆယ်ရေးစခန်းများ ဖန်တီးတည်ထောင်ပေးရန် စဉ်းစားနေကြောင်းသိရသည်။

အဆိုပါ ယာယီနေထိုင်ရေးစခန်းအသစ်များသည် မြန်မာဘက်မှနေရပ်စွန့်ခွာလာသူ ၅၀၀၀ ခန့်နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၃၀၅၀၀ သည် မဏိပူရပြည်နယ်အတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၁၆၀ ကျော်တွင် နေထိုင်လျက်ရှိနေကြောင်း သိရသည်။

Ref— indiatimes

Leave a Reply

Your email address will not be published. Required fields are marked *