October 19, 2024

ပတ္တရားမြို့ ကမ်းလွန်ပင်လယ်ပြင်အတွင်း ရေလွှာရှပ်ပြေး အမြန်ယာဉ်နှစ်စီး ဧပြီလ ၂၄ ရက် ညကတိုက်မိခဲ့ကြပြီးနောက် ကယ်ဆယ်ရေးသမားများက ရှာဖွေနေကြစဉ်။

၂၅. ၄. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်လာမွန်ခရိုင်အတွင်း ပတ္တရားမြို့ သဲသောင်ကမ်းခြေအလွန် ပင်လယ်ပြင်အတွင်း ရေလွှာရှပ်ပြေး အမြန်ယာဉ်နှစ်စီး ဧပြီလ ၂၄ ရက်ညက တိုက်မိခဲ့ကြရာ အသက်ခုနှစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူနှစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ပတ္တရားမြို့၏ ကမ်းခြေအလွန်တွင် ရေလွှာရှပ်ပြေး အမြန်ယာဉ်နှစ်စီးက ညခုနှစ်နာရီခန့်တွင် တိုက်မိခဲ့ကြခြင်းဖြစ်ပြီး အမြန်ယာဉ်တစ်စီးအား မောင်းနှင်သူနှင့် ၎င်းနောက်ထိုင်ခုံတွင် လိုက်ပါလာသူ အသက်ခုနှစ်နှစ်အရွယ် ယောင်္ကျားလေးတို့ နှစ်ဦးမှာ တိုက်မိမှုကြောင့် ပင်လယ်ရေပြင်အတွင်းသို့ လွင့်စင်ကျသွားခဲ့ကြသည်။

ပါသွမ်ပွန် ပိုလ်ရတ် ဟုခေါ်သော အဆိုပါ အသက်ခုနှစ်နှစ်အရွယ်ယောင်္ကျားလေးက အသက်ကယ်အင်္ကျီကို ဝတ်ဆင်ထားကာ ၎င်းအားပင်လယ်ရေပြင်တွင်းမှ ဆယ်ယူရရှိရေး ထိုကမ်းခြေရှိ ရေလွှာရှပ်ပြေး အမြန်ယာဉ်မောင်းနှင်သူများက ကူညီခဲ့ကြသည်။ ၎င်းမှာ မေးရိုးတစ်ခုကျိုးသွားမှုအပါအဝင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့မှုကြောင့် ဆေးရုံသို့ အလျင်အမြန်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ရသည်။ ရေလွှာရှပ်ပြေး အမြန်ယာဉ်ကိုမောင်းနှင်သည့် အသက် ၃၅ နှစ်ရှိ ပွန်ဆူဖန် ဖွမ်နော့က်ကိုမူ နာရီဝက်ခန့်ရှာဖွေခဲ့ကြပြီးနောက် ရေနစ်မြုပ်သေဆုံးနေသည်ကို တွေ့ခဲ့ကြသည်။

မျက်မြင်တွေ့ရှိသူများက တိုက်မိခဲ့သော နောက်အမြန်ယာဉ်တစ်စီးကိုမောင်းနှင်သူမှာ ကုလားလူမျိုးတစ်ဦးဖြစ်ကြောင်းနှင့် တိုက်မိမှုဖြစ်ပွားအပြီး ၎င်းကထွက်ပြေးသွားခဲ့ကြောင်း ပြောခဲ့ကြသည်။ ရဲတပ်ဖွဲ့က အဆိုပါတိုက်မိမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို ထုတ်ဖော်နိုင်ရန် လုံခြုံရေးကင်မရာမှတ်တမ်းများကို စစ်ဆေးနေကြပြီး ထွက်ပြေးသွားသောရေလွှာရှပ်ပြေး အမြန်ယာဉ်တစ်စီးကိုမောင်းနှင်သူအား ရှာဖွေလျက်ရှိကြောင်းလည်းသိရသည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *