နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း လာရောက်တွေ့ဆုံ
MT News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းအား ဧပြီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်စလုံးမှ မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် အမြင်ချင်းဖလှယ်၍ အပြုသဘောဆောင်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး The Elders အဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းနှင့်အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီးဟောင်း H.E. Mr. KIM Bong-Hyun နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။