MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း သိသိသာသာ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေး အနည်းငယ်သာ ကျဆင်းမှုရှိခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ၂,၉၈၀,၀၀၀ ဝန်းကျင်၌ပင် ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၉၈၃ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၇၈,၀၀၀ ရှိပြီး ယခင်တပတ် ဈေးနှုန်းပိတ်သိမ်းချိန်ထက် ကျပ် ၁၂,၀၀၀ သာကျဆင်းမှုရှိခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၅ ရက်တွင် တစ်အောင်စလျှင် ၂,၀၂၅ ဒေါ်လာအထိ ပြန်လည်မြင့်တက်၍ တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။
မဟာသင်္ကြန်ကာလအပြီး ကမ္ဘာ့ရွှေဈေး တရိပ်ရိပ်ကျဆင်းလာခဲ့ပြီး ဧပြီ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၉၈၆ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်း ရွှေဈေးနှုန်းမှာ ကျဆင်းမှုမရှိခဲ့ဘဲ ကျပ် ၂,၉၉၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ဧပြီ ၂၄ ရက် (ယနေ့)မှသာ ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းခဲ့လည်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၄၀ ကျော် သိသိသာသာပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးမြင့်တက်ခဲ့သည့် ဧပြီ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ကျပ် ၂,၉၇၂,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းမှုမရှိသည့်အပြင် အမြင့်ဈေးနှုန်းအထက်မှာပင် ဆက်ရှိနေခြင်းဖြစ်သည်။
ပြည်တွင်းရွှေဈေးနှုန်းများသည် ဧပြီ ၁၉ ရက်တွင် ကျပ် ၂,၉၇၀,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၃ ကျပ်၊ ဧပြီ ၂၀ ရက်တွင် ကျပ် ၂,၉၈၂,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၅၀ ကျပ်၊ ဧပြီ ၂၁ ရက်တွင် ကျပ် ၂,၉၉၀,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ်၊ ဧပြီ ၂၂ ရက်တွင် ကျပ် ၂,၉၈၅,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။