MT News
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ အိမ်တွင်းအလှဆင်အသုံး အဆောင်ပစ္စည်းများရောင်းချရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သော နယူးဂျာစီတွင် ရုံးချုပ်ပြုလုပ်ထားသည့် Bed Bath & Beyond မှာ ဧပြီလ ၂၃ ရက်က ကုမ္ပဏီ ဒေဝါလီခံရသည့်အဖြစ်သို့ရောက်ရှိခဲ့ရကြောင်းသိရသည်။
ကုမ္ပဏီဒေဝါလီခံရသည့် လုပ်ငန်းစဉ် အရ Bed Bath & Beyond အနေဖြင့် ၎င်းပိုင်ပစ္စည်းဥစ္စာများအားလုံး (သို့မဟုတ်)တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရောင်းချနေစဉ်အတွင်း ၎င်း၏စီးပွားရေးလုပ်ငန်းများကိုမူ စနစ်တကျ ပိတ်ထားရမည်ဖြစ်သည်။
ကုမ္ပဏီ၏ Bed Bath & Beyond စတိုးဆိုင်ကြီး ၃၆၀ ကလည်း ၎င်းပိုင် buybuy BABY စတိုးဆိုင် ၁၂၀ နှင့်အတူ အွန်လိုင်းရောင်းချမှုကိုပါ သုံးစွဲသူများအတွက် ဆက်လက်ဖွင့်ထားသေးသည်ဟု ဆိုသည်။ ကုမ္ပဏီအနေဖြင့် ဒေဝါလီခံနေရသည့်ဖြစ်စဉ်အတွင်း ၎င်း၏လုပ်ငန်းများကိုကူညီနိုင်ရန်ဒေါ်လာ သန်း ၂၄၀ ရရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် စတိုးဆိုင်များ၌ရောင်းချမှုပိတ်ခြင်းအား ဧပြီလ ၂၆ ရက်မှ စတင်သွားမည်ဖြစ်ရာ ကုမ္ပဏီအနေနှင့် ၎င်း၏အချို့သော စတိုးဆိုင်များကို ပိတ်သွားမည်ဖြစ်သည်။ ၎င်းကုမ္ပဏီ၏ အလုပ်သမား ၁၄,၀၀၀ ခန့်နှင့်ပတ်သက်၍ မည်သို့ဆုံးဖြတ်မည်ဆိုသည်ကမူ နောက်မည်သို့ ဖြစ်လာမည်ဆိုသည့်အချက်အပေါ် မူတည်နေသည်ဟုလည်း ဆိုသည်။
Bed Bath & Beyond ကုမ္ပဏီကြီးသည်၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ ဘီလျံဖိုးရှိကာ ကြွေးမြီ ဒေါ်လာ ၅ ဒသမ ၂ ဘီလျံရှိကြောင်းတွေ့ရသည်။ ၎င်း၏ဈေးကြီးလွန်းလှသော စတော့ရှယ်ယာဈေးနှုန်းများက လွန်ခဲ့သော ၁၂ နှစ်အတွင်း ၉၈ ရာခိုင်နှုန်းကျော်အထိ တလိမ့်ခေါက်ကွေး ထိုးကျသည့်အခြေအနေသို့ ရောက်ခဲ့သည်။
ဒေဝါလီခံခြင်းဆိုသည်က ကုမ္ပဏီတစ်ခု စီးပွားရေးလုပ်ငန်းလည်ပတ်နေမှုမှ ရပ်ဆိုင်းရာတွင် မပြုလုပ်လျှင်မဖြစ် ပြုလုပ်ရမည့်ကိစ္စကား မဟုတ်ပေ။ အမေရိကန်ပြည်ထောင်စုတွင်မူ ကုမ္ပဏီကြီးများအပါအဝင် ကုမ္ပဏီပေါင်းများစွာတို့က ၎င်းတို့ကုမ္ပဏီ၏ လည်ပတ်နိုင်မှုအခက်အခဲများကို ရင်ဆိုင်ရရာတွင် တင်ရှိနေသောကြွေးမြီများ ကင်းစင်သွားစေရန်နှင့် ၎င်းတို့အနေဖြင့် ဆက်လက်မပြုလုပ်နိုင်တော့သောကုန်ကျစရိတ်များအတွက် ဘဏ်ဒေဝါလီခံမှုပြုကြရခြင်းပင် ဖြစ်သည်။သို့သော် ဥပမာအားဖြင့် Bed Bath & Beyond ကုမ္ပဏီကြီး အနေဖြင့် ဒေဝါလီခံမှုလုပ်ငန်းစဉ်မှ ပြန်လည်ရုန်းထလာနိုင်သည်ဖြစ်စေ၊ ၎င်းကုမ္ပဏီအတွက် အနာဂတ်ကိုမူ အာမခံမှုရှိတော့မည်မဟုတ်ပေ။
Bed Bath & Beyond ကုမ္ပဏီကြီးအနေဖြင့် ၎င်း၏ ပိုင်ဆိုင်မှုပစ္စည်းအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရောင်းချရန် ဝယ်ယူမည့်သူတစ်ဦးအား ရှာဖွေသွားမည်ဖြစ်သည်။ အကယ်၍ ဝယ်ယူမည့်သူမတွေ့ရှိပါက ပိုင်ဆိုင်မှုများကို စာရင်းရှင်းဖျက်သိမ်းကာ စီးပွားရေးလောကမှ လုံးဝထွက်ခွာရဖွယ်ရှိကြောင်း သိရသည်။ စီးပွားရေးဆိုင်ရာသုံးသပ်အကဲဖြတ်သူတစ်ဦးကမူ ကုမ္ပဏီအနေဖြင့် ဒေဝါလီ ခံရမှုဖြစ်စဉ်ကိုလွန်မြောက်ကာ အွန်လိုင်းလက်လီရောင်းချသူအဖြစ်သာ ဆက်လက်ရပ်တည်လိမ့်မည်ဟုယူဆကြောင်းသုံးသပ်ပြောကြားခဲ့သည်။
Ref—–CNN