October 22, 2024

၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တွင် ဆန်ရောင်းချပေးနေမှုကို တွေ့ရစဉ်

၂၄. ၄. ၂၀၂၃

Written by Ye Kyaw

ပြည်တွင်းဆန်ဈေး မြင့်တက်အောင်လုပ်နေသူများကို ဖော်ထုတ်အရေးယူမည်ဖြစ်ပြီး ပစ္စည်းမှန်/ဈေးနှုန်းမှန်ဖြင့် ဝယ်ယူလိုသူများ ကုန်စည်ဒိုင်များနှင့် ဆန်စပါးအသင်းချုပ်သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ခဲ့သည်။

ဆန်စျေးမြင့်တက်စေရန်နှင့် စားသုံးသူပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွားစေရန် မမှန်သော စျေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက် တင်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးရန်နှင့် စည်းရုံးပညာပေးရန်၊ မထူးခြားပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးပါရန် အသိပေး ထုတ်ပြန်ထားသည်။

ထို့အတူ ပစ္စည်းမှန်၊ စျေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသော အဖွဲ့အစည်း/အိမ်ထောင်စုများ အနေဖြင့် ကုန်စည်ဒိုင်များတွင် ဆက်သွယ်ဝယ်ယူနိုင်‌ပြီး အခက်အခဲရှိပါက အသင်းချုပ်ရုံး၊ ကုန်စည်ဒိုင်ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ပြည်တွင်း စားသုံး ဆန်စျေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေသောကြောင့် ဆန်စျေးနှုန်း တည်ငြိမ်စေရန်နှင့် ပစ္စည်းမှန်၊ စျေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်း ဆောင်ရွက်သွားရန် အသင်းချုပ် အနေဖြင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ကုန်သည်ပွဲစား စက်ပိုင်များ အနေဖြင့်လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွါးကို မျှတစွာ ချင့်ချိန် ရောင်းဝယ်ဆောင်ရွက်ကြရန် နှိုးဆော်အသိပေးထားသည်။

ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဝင်ရောက်မှုနည်းလာသဖြင့် ဆန်အမျိုးအစားလိုက် တစ်အိတ်လျှင် ကျပ် ၈၀၀၀ ကျော်ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အညာဒေသထွက်ဆန်များ အဓိက ဈေးတက်နေကြောင်း ပြည်တွင်းဆန်ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ခန့်သာရှိခဲ့‌သည့် ပြည်တွင်းစားဆန် ရွှေဘိုပေါ်ဆန်းဆန် (ရှယ်)သည် လက်ရှိတွင် လက်လီဈေးနှုန်း ကျပ် ၁၃၇,၀၀၀ အထိ မြင့်တက်ခဲ့သည်။

ဧပြီ ၂၄ ရက်တွင် ပြည်တွင်းစားသုံးသည့် သာမန်ဆန်ချောများဖြစ်သော မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၈၂,၀၀၀၊ ရက် (၉၀)ဆန် တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ရှိကာ တစ်လအတွင်း ဆန်အမျိုးအစားလိုက် ကျပ် ၆,၀၀၀ မှ ကျပ် ၁၀,၀၀၀ မြင့်တက်ခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *