October 22, 2024

MT News

Written by Tha Doe

နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များ ရရှိနေပြီဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅) ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။

မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေသည့် မငြိမ်မသက်မှုများ၊ ဆူပူအကြမ်းဖက်မှုများသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် မတရားရယူရန်ကြိုးပမ်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖြစ်သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစနစ်ကို လက်ရှိကျင့်သုံးနေသည့် ဦးသူအနိုင်ယူ (FPTP)စနစ်အပြင် အချိုးကျကိုယ်စားပြု(PR) စနစ်ကိုလည်း ပေါင်းစပ်ကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရန်အတွက် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက် တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့် လွှမ်းမိုးမှု စသည့်မတရားမှုများနှင့် ကင်းဝေးစေရမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုမှ ကင်းဝေးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် SAC နှင့် တပ်မတော်တို့ တာဝန်ယူခဲ့သည့် ကာလအတွင်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ်ရာတွင် ယနေ့အထိ NCA လက်မှတ်ရေး ထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင် အဖွဲ့(၃)ဖွဲ စုစုပေါင်း(၁၀)ဖွဲ့တို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့်ရလဒ်များ ရရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာ ခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့ အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက် တစ်ခုမှမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုထားသည်ကို အားလုံးအသိပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါအချက်များအပြင် တပ်မတော်အနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၂ ကြိမ်ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို တိုးမြှင့်ပေးထားပြီး ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းက တစ်ဆင့် မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌကဆက်လက် ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *