October 22, 2024

MT News

၂၅. ၄. ၂၀၂၃

ကျောင်းသူကျောင်းသား ၁၄၀၀ ခန့်ကို ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို ဧပြီ ၂၄ ရက်မှ စတင် ဖွင့်လှစ်သင်ကြားပေးနေသည်ဟု သိရသည်။

တပ်မတော် (ရေ)က ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် တစ်ချိန်တည်း ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၇၁၂ ဦးတို့ဖြင့် အသီးသီးဖွင့်လှစ်ခဲ့သည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ နျူကလီးယားနည်းပညာ သတင်းအချက် အလက်စင်တာလေ့လာရေးနှင့် စစ်ရေယာဉ်(မုတ္တမ)ဖြင့် ပင်လယ်ဝသို့ ရေလမ်းကြောင်း လေ့လာရေးခရီးစဉ်ပို့ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တပ်မတော်(လေ)က ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃)ကို ဧပြီ ၂၄ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် မိတ္ထီလာမြို့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နှင့် နမ့်စန်မြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိးမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နှင့် မင်္ဂလာဒုံမြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တို့ရှိ သင်တန်းစခန်း ၁၇ ခု၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ အင်အား ၆၈၀ ဦးဖြင့် အသီးသီးဖွင့်လှစ်ကြပြီး ဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။

အခြေခံလေကြောင်းလူငယ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ် တည်ဆောက်မှုအခြေခံသဘောတရား၊ လေယာဉ်စက်အုံတည်ဆောက်မှုအခြေခံများ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံများ၊ RC Simulartor မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) စသည့် ဘာသာရပ်များ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ သင်တန်းကာလ တတိယအပတ်တွင် မိတ္ထီလာမြို့၌ သင်တန်းသားများ စုဖွဲ့၍ စခန်းသွင်းလေ့ကျင့်ခြင်း၊ တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊ သင်တန်းစခန်းအသီးသီးမှ ထူးချွန်သင်တန်းသားများကို Grob- 120၊ Y-12 လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များတွင် လိုက်ပါပျံသန်းခြင်းများနှင့် ပြိုင်ပွဲများ ကျင်းပခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် လေ့လာရေးခရီးစဉ်များအဖြစ် မိတ္ထီလာမြို့၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ တပ်မတော်(လေ)သင်တန်းကျောင်းများ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် အထင်ကရနေရာများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *