October 22, 2024

ထိုရန်ပွဲတွင် တရုတ်များက သေနတ်ဖြင့်ချိန်ရွယ်သည်ဟုကောလာဟလ သတင်းများထွက်

၂၄. ၄. ၂၀၂၃
Written by Naing Thuta

ယနေ့မနက်ပိုင်းက မန္တလေးကျောက်ဝိုင်းတွင် တရုတ်ဝယ်လက်နှင့် ဒေသခံကျောက်စိမ်းရောင်းဝယ်သူများ အရောင်း ဝယ်ပြုလုပ်ရင်းစကားများရန်ဖြစ်ရာမှ အပြန်အလှန်ရိုက်ပွဲဖြစ်ပွားပြီး တရုတ်များက သေနတ်ဖြင့်ချိန်ရွယ်သည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုနေကြသော်လည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက မဟုတ်မှန်ဟု ပြောဆိုငြင်းဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၄ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေကျောက်စိမ်းကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)တွင် တရုတ်ဝယ်လက်နှင့် ဒေသခံကျောက်စိမ်းရောင်းဝယ်သူများ အရောင်းဝယ်ပြုလုပ်ကြရင်း အဆင်မပြေမှုများဖြစ်ပွားကာ စကားများရာက အပြန်အ လှန် ရိုက်နှက်ထိုးကြိတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

” တရုတ်ဝယ်လက်နဲ့ဒေသခံကျောက်စိမ်းရောင်းဝယ်ရေးသမားတွေ အရောင်းအဝယ်လုပ်ရင်းစကားများရာကနေ အပြန်လှန်ထိုးကြိတ်ပြီး တရုတ်သုံးယောက်က ဒေသခံကျောက်စိမ်းရောင်းတဲ့သူကို ဖမ်းထားရာကနေ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံကျောက်စိမ်းသမားတွေက မကျေနပ်လို့ဆိုပြီး အဲဒီတရုတ်ဆိုင်ကို ဝိုင်းပြီးတော့ ပြန်လွှတ်ပေးဖို့ပြောရင်းကနေ ရိုက်ပွဲတွေဖြစ်ကုန်တာပါ။ တရုတ်ဝယ်လက်က စျေးပေးပြီးမှ မဝယ်ဘူးပြောရာကနေ စဖြစ်တယ်လို့ကြားတာပဲ။ ကျောက်လောကမှာ စည်းကမ်းတစ်ခုရှိတယ်။ စျေးပေးပြီးရင်တော့ ဝယ်ကိုဝယ်ရတယ်။ အဲ့ဒါကိုတရုတ်ကမယူဘူးပြောလို့ ဒေသခံကျောက်စိမ်းရောင်းသမားက ပြန်ပြောရာကနေ တရုတ်ဘက်က စထိုးလိုက်တယ်လို့ကြားတယ်။ တရုတ်ကသေနတ်နဲ့ချိန်တယ်လို့ လိုင်းပေါ်မှာတော့တွေ့တာပဲ။ အခင်းဖြစ်တဲ့နေရာမှာတော့ သေနတ်ကိုမတွေ့မိပါဘူး။ ခဏနေတော့ စစ်သားတွေနဲ့ရဲတွေရောက်လာပြီး ရှင်းပေးလိုက်ရာ အေးဆေးဖြစ်သွားလို့ ကျောက်ဝိုင်းလည်း အရင်အတိုင်းပြန်လည်ရောင်းချနေကြတယ်။ ဒါပေမဲ့ အဲဒီတရုတ်ဆိုင်ကိုတော့ သက်ဆိုင်ရာက ပိတ်ထားလိုက်တယ်” ဟု ဒေသခံကျောက်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ၎င်း၏တွေ့မြင်ကြားသိမှုကို MT News သတင်းဌာနသို့ ပြောသည်။

ထိုပဋိပက္ခတွင် တရုတ် ၃ ဦးကစတင်ပြီး ဝိုင်းထိုးကြိတ်ကာ ဒေသခံကျောက်စိမ်းသမားတစ်ဦးကို ဖမ်းဆီးထား၍ အခြားသောဒေသခံကျောက်သမားများကလည်း ပြန်လည်ထုတ် ပေးဖို့တောင်းဆိုရာက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တရုတ်များ ဖွင့်ထားသည့်ဆိုင်အား ဖျက်ဆီးခံရချိန်တွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်လာသောကြောင့် ငြိမ်သွားသည်ဟု သိရသည်။

ထိုကဲ့သို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်အတွင်း တရုတ်များ ဘက်က သေနတ်ထုတ်ပြီးချိန်ရွယ်သည်ဟု သတင်းများထွက်လာသော်လည်း သေနတ်ထုတ်ကာချိန်ရွယ်သည်မှာ မဟုတ်မှန်ကြောင်း သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *