၂၄. ၄. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းက ရေရှည်အကျိုးဖြစ်ထွန်းမည်မဟုတ်ကြောင်း မလေးရှားအခြေစိုက် Centre of Asean Regionalism at Universiti Malaya (CARUM)အဖွဲ့၏ ညွှန်ကြားရေးမှူး ဒေါက်တာ Rahul Mishra က သုံးသပ်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းစေရန်အတွက် အာဆီယံအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရဆိုသော သတ်မှတ်ချက်မှ မြေပြင်လူသားချင်းဆိုင်ရာစာနာမှုအကူညီများကို ထိရောက်စွာကူညီပေးပြီး အသွင်ကူးပြောင်းရေးအတွက် ကြားဝင်သင့်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဆီယံသည် မြန်မာ့နိုင်ငံရေးအခက်အခဲကိုအဖြေရှာရန် ကြားဝင်ဆောင်ရွက်နေသော်လည်း မျှော်လင့်သလောက်တိုးတက်မှုများမရှိသေးသလို နစကအကြီးအကဲနှင့် အာဆီယံခေါင်းဆောင်များအကြား ရရှိထားသည့် အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်မှုသိသာစွာတိုးတက်ခြင်းမရှိသေးကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။
ထို့အပြင် Nusantara Academy for Strategic Research (NASR) အဖွဲ့မှ နိုင်ငံရေးသုတေသီတစ်ဦးဖြစ်သော ပါမောက္ခ Azmi Hassan က အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံကို ပိတ်ဆို့မှုများချမှတ်နေသော်လည်း မြန်မာ့နိုင်ငံရေး ပြဿနာကိုအဖြေရှာနိုင်ရန် ပြည်တွင်းတွေ့ဆုံဆွေးနွေးမှုများမှ စတင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သော်လည်း နစကအပေါ် ယာယီသက်ရောက်မှုများသာဖြစ်စေခဲ့ကြောင်း သုံးသပ်သည်။
၎င်းက နစကအပေါ် အာဆီယံ၏ သြဇာလွမ်းမိုးနိုင်မှုက အကန့်အသတ်ဖြင့်သာရှိနေပြီး အာဆီယံသဘောတူညီချက်ငါးချက်မှ အချက်တစ်ချက် သို့မဟုတ် နှစ်ချက် အကောင်အထည်ဖော်စေရန် နစကကို တွန်းအားပေးနိုင်ခြင်းမရှိသေးကြောင်း သုံးသပ်ထားသည်။
မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်လိုက်ခြင်းသည် ရဲရင့်သောလုပ်ရပ်ဖြစ်သော်လည်း ပြဿနာများကိုဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ အာဆီယံအဖွဲ့အတွင်းရှိ မြန်မာနိုင်ငံနှင့်စေ့စပ်ဆွေးနွေးမှုများပြုလုပ်နေသော နိုင်ငံများကြောင့် ထုတ်ပယ်ရေးကိစ္စများက ပိုမိုခက်ခဲဖွယ်ရှိနေကြောင်း ပါမောက္ခ Azmi Hassan က ပြောသည်။
မြန်မာနိုင်ငံကို ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ စေလွှတ်သင့်မသင့်ဆိုသောမေးခွန်းနှင့်ပတ်သက်ပြီး ဖြေဆိုရာတွင်လည်း ၎င်းက ” နစကရဲ့ခွင့်ပြုချက်ရဖို့လိုအပ်တယ်။ နစကဟာ အာဆီယံအဖွဲ့လေ့လာသူတွေကို နိုင်ငံအတွင်းဝင်ရောက်လေ့လာဖို့ ခွင့်မပြုဘူး။ နစကဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေကိုလည်း နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးဖို့ သဘောတူမှာမဟုတ်ဘူး” ဟု ပါမောက္ခ Azmi Hassan က ပြောသည်။။