၂၄. ၄. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဝင်ရောက်မှုနည်းလာသဖြင့် ဆန်အမျိုးအစားလိုက် တစ်အိတ်လျှင် ကျပ် ၈၀၀၀ ကျော် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အညာဒေသထွက်ဆန်များ အဓိက ဈေးတက်နေကြောင်း ပြည်တွင်းဆန်ရောင်းဝယ်သူများထံမှ သိရသည်။
“ဆန်ကြမ်းရော၊ ဆန်ချောရော အကုန်ဈေးတက်တာ။ ကျွန်တော်တို့က လက်ကျန်ဖြတ်နေတာမို့ ရွှေဘိုတစ်ပြည်ကို ထူးရှယ်ကို ၄၄၀၀ အသင့်သင့်ပေါ့။ ထူးထူးရှယ်ကတော့ ၅၄၀၀ နဲ့ ရောင်းနိုင်တာ။ ဒါကအရင်တုန်းက ဝယ်ထားတဲ့ဆန်တွေမို့လို့ နောက်ဟာတွေဆို အကုန်ဈေးတက်တယ်။ တစ်အိတ်ကို ၈၀၀၀ လောက်တက်တယ်။ မဂျမ်းတောဆိုတဲ့ အညာဆန်ဆိုရင် အခု ၄၂၀၀ ဒါလက်ကျန် နောက်ရက်ဆိုမရတော့ဘူး။ ဟိုမှာ ပစ္စည်းတွေ ပြတ်နေပြီ။ အဓိကတော့ အညာဆန်တွေ” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းဈေးရှိ ဆန်အရောင်းဆန်မှ တာဝန်ရှိသူက ပြောသည်။
ပြည်တွင်းစားသုံးသည့် ဆန်ချောအမျိုးအစားများကို အညာဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်နှစ်အတွင်း နယ်မြေမအေးချမ်းခြင်းကြောင့် စိုက်ပျိုးမှုလျော့ကျခဲ့သည့်အပြင် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များလည်း မြင့်တက်မှုများရှိခဲ့ကြောင်း ဆန်စပါးကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဆန်လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ဈေးနှုန်းမြင့်တက်လာမှုကြောင့် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပို၍မြင့်တက်လာခဲ့ပြီး ပေါ်ဆန်းဆန်ရှယ် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်မြင့်တက်မှုများ ရှိခဲ့ကာ မတ်လဆန်းပိုင်းတွင်း ရွှေဘိုပေါ်ဆန်း (ဆန်အဟောင်း) တစ်အိတ်လျှင် ကျပ် ၁၃၇,၀၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။
ရွှေဘိုပေါ်ဆန်းဆန် ဈေးနှုန်းသည် ဆန်စပါးကုန်သည်အသင်းမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများနှင့် ကွာဟမှုများရှိနေပြီး အသင်း၏ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ လက်ရှိရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀ အထိသာ အမြင့်ဆုံးရှိပြီး ပြင်ပစျေးကွက်နှင့် ကျပ် ၃၀၀၀၀ ကျော် ကွာဟနေသည်။
ဧပြီ ၂၄ ရက်တွင် ပြည်တွင်းစားသုံးသည့် သာမန်ဆန်ချောများဖြစ်သော မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၈၂,၀၀၀၊ ရက် (၉၀)ဆန် တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ရှိကာ တစ်လအတွင်း ဆန်အမျိုးအစားလိုက် ကျပ် ၆,၀၀၀ မှ ကျပ် ၁၀,၀၀၀ မြင့်တက်ခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
သို့သော်လည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအတွင်း အများဆုံးစိုက်ပျိုးသည့် ပြည်ပတင်ပို့မည့် ဆန်ကြမ်းအမျိုးစားများ အဓိကဝင်ရောက်သည့် ဘုရင်နောင်ဆန်ကုန်စည်ဒိုင်သို့ လက်ရှိတွင် ဆန်ဝင်ရောက်မှူမြင့်တက်လျက်ရှိကြောင်း သိရသည်။
“အခုရက်တော့ နည်းနည်းပြန်ဝင်လာတယ်။ ဆန်ဈေးလည်းနည်းနည်းမြောက်လာတော့ နယ်ကုန်သည်တွေ ပြန်ကြိတ်ကြတယ်။ တစ်ရက်ကို ဆန်ရော၊ ဆန်ကွဲရော အိတ်ငါးသောင်းလောက် ဝင်တယ်။ သင်္ကြန်ပြီးပြီးချင်းက လုပ်ငန်းသိပ်မလည်ပတ်သေးတော့ ဆန်အိတ် နှစ်သောင်းနဲ့ သုံးသောင်းကြားလောက်ပဲ ဝင်တယ်။ ဒီဘက်ကျတော့ ဆန်ဈေးကလည်း တက်လာတော့ ဆန်အိတ်ငါးသောင်းလောက်ပြန်ဝင်လာတယ်” ဟု ဘုရင့်နောက်ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူက ပြောသည်။