၂၄. ၄. ၂၀၂၃
Translated by Htwe Ko Tun
နေတိုးစစ်စာချုပ်အဖွဲ့ (မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့) ၏ နိုင်ငံတကာတွင် အင်အားအကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဆွီဒင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်နှင့် နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေးဆောင်ရွက်နေမှုများကို ဆွီဒင်နိုင်ငံတစ်ဝန်း မြို့ကြီး ၁၇ မြို့တွင် ဆွီဒင်ပြည်သူများက ဆန့်ကျင်ဆန္ဒပြမှုများ ဧပြီလ ၂၂ ရက်မှစ၍ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲများတွင် ဆွီဒင်ငြိမ်းချမ်းရေးနှင့် အနုညာတ တရားစီရင်မှုအဖွဲ့၊ No NATO အဖွဲ့၊ No to Nuclear Weapons အဖွဲ့နှင့် နိုင်ငံရေးပါတီများကဲ့သို့ အဖွဲ့အစည်းများနှင့် ကွန်ရက်များစုရုံးပါဝင်ကြပြီး စတော့ဟုမ်းမြို့ တစ်မြို့တည်း၌ပင် အဖွဲ့ ရာနှင့်ချီ၍ ပါဝင်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပြည်သူများက ‘နေတိုးသို့ မဝင်နှင့်’၊ ‘နေတိုးစစ်ပွဲကြောင့် ကျွန်ုပ်တို့ ကလေးငယ်များ ဒေါ်လာအတွက် သေကြရမည်’ နှင့် ‘Aurora 23 စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းပါ’ စသည့် ပိုစတာများနှင့် စာတမ်းများကိုင်ဆောင်ကာ ပါဝင်ဆန္ဒပြခဲ့ကြသည်။
ဆွီဒင်နိုင်ငံတွင် ဧပြီလ ၂၄ ရက်မှ မေလ ၁၁ ရက်ထိ ကျင်းပပြုလုပ်လျက်ရှိသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင် ၂၆,၀၀၀ ခန့်ပါဝင်မည့် Aurora 23 စစ်ရေးလေ့ကျင့်မှုအားလည်း ဆန္ဒပြသမားများက စတော့ဟုမ်းမြို့အတွင်း ဆန္ဒပြပွဲများ၌ ရပ်တန့်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။
ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်ဖြစ်လာခြင်းက နိုင်ငံ၏အခွန်ပေးဆောင်သူများအတွက် အခွန်ငွေကိုလည်းများစွာ တိုးမြင့်လာစေမည်ဖြစ်သည်။ နေတိုးအဖွဲ့ဝင်ဖြစ်ခြင်းနှင့်အတူ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အသုံးစရိတ်များဖြတ်တောက်လာနိုင်သော်ငြား ကာကွယ်ရေးအသုံးစရိတ်မှာ နှစ်ဆထိ တက်လာမည်ဖြစ်သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သောစစ်တမ်းတစ်ရပ်အရမူ ဆွီဒင်ပြည်သူ ၆၇ ဒသမ ၈ ရာခိုင်နှုန်းက နေတိုးအပေါ် အကောင်းမြင်မှုရှိခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ဆွီဒင်ပြည်သူများစွာက နေတိုးအဖွဲ့ဝင် စစ်ရေးမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်လာခြင်းက ၎င်းတို့နိုင်ငံအတွက် မကောင်းသောအကျိုးဆက်များ ဖြစ်လာစေမည်ကို စိုးရိမ်လျက်ရှိကြသည်။ ရုရှားအစိုးရကလည်း နေတိုးအဖွဲ့သို့ဝင်လျှင် ဘောလ်တစ် ဒေသနိုင်ငံများကိုလည်း နျူကလီယားကင်းစင်နိုင်ငံများအဖြစ်သတ်မှတ်ဆွေးနွေးရန်အကြောင်းမရှိဟု ပြောခဲ့ခြင်းက ဆွီဒင်နှင့် ဖင်လန်တို့ကို ဆိုလိုခြင်းဟု ယူဆထားကြသည်။
မတ်လ ၂၂ ရက်တွင်မူ ဆွီဒင်နိုင်ငံအား နေတိုးစစ်စာချုပ်အဖွဲ့သို့ ဝင်ရောက်ရေးကို ဆွီဒင်ပါလီမန်တွင် အတည်ပြုထောက်ခံခဲ့သည်။
Ref—–Xinhuanet