MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးနှင့် ဇိနမာရ်အောင်ဘုရားလမ်းထိပ်အနီးတွင် စက်ဘီးစီးလာသူ ဇနီးမောင်နှံနှစ်ဦးအား ကားတစ်စီးမှ တိုက်ပြေးသဖြင့် ဒဏ်ရာရရှိသည့်ဖြစ်စဥ်တစ်ခု ယမန်နေ့ ဧပြီလ ၂၂ ရက် ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ လူမှူကူညီရေးအသင်းအဖွဲ့များ၏ ကွန်ရက်အတွင်းသို့ သာကေတတွင် ယာဥ်တိုက်ပြေးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းဝင်လာခဲ့ပြီး၊ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့သို့လည်း ရပ်ကွက်နေပြည်သူများမှ ခေါင်းထိခိုက်ဒဏ်ရာရ လူနာရှိကြောင်း အကြောင်းကြားလာသည်ဟု သာကေတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကားကတော့ အိမ်စီးကားပဲ။ နောက်ကနေဝင်တိုက်ပြီး မောင်းပြေးသွားတာပါ။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ကတော့ လူနာကိုပဲ အမြန်ကူညီပေးနိုင်ဖို့ ကြိုးစားပါတယ်။ ကံကောင်းတာက ၂ ဦးစလုံး ဒဏ်ရာမပြင်းပါဘူး”ဟု သာကေတ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှ လူနာအမျိုးသား(၁)ဦး(မျက်ခုံးကွဲ)နှင့် အမျိုးသမီး(၁)ဦး(ဦးခေါင်းထိခိုက်ဒါဏ်ရာရ) တို့အား မြေပြင်ကုသမှုပေးပြီး ထိုလူနာများအား ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း ၊ ပေးဆပ်သူ လူမှုကူညီရေးအသင်း(မိတ်ဖက်) တို့မှ လူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။