၂၄. ၄. ၂၀၂၃
Written by Min Mahar
ကွမ်းယာရောင်းနေသော အမျိုးသမီးအား ယောင်္ကျားရင့်မာကြီးနှစ်ဦးက ကွမ်းဝယ်ဟန်ပြုကာ အလစ်အငိုက်တွင် သေနတ်ဖြင့် ၃ ချက် ရက်ရက်စက်စက်ပစ်ခတ်သ-တ်ဖြတ်သွားမှု မတ္တရာမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ဧပြီလ ၂၃ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအုပ်စု၊ ဝသုန္ဒရကျေးရွာအနီး၊ မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅/၁)နှင့်(၁၅/ ၂)ကြားတွင် ကွမ်းယာဆိုင်ဖွင့်လှစ်၍ရောင်းချနေသော မြကန်သာကျေးရွာ၊ ဒဟတ္တောကျေးရွာအုပ်စု၊ ပုသိမ်ကြီးမြို့နယ်တွင်နေထိုင်သည့်အသက် ၂၅ နှစ်အရွယ်အမျိုးသမီး၏ကွမ်းယာဆိုင်သို့ မျက်နှာတွင် Mask ကိုယ်စီတပ်ဆင်ထားသည့် အမည်မသိအမျိုးသား ၂ ဦးက CLICK ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးကွမ်းယာ ၅၀၀ ဖိုးဝယ်ယူရာ အသက်ခံရသည့်အမျိုးသမီးမှကွမ်းယာနေစဥ်အတွင်း ၎င်းတို့ထဲမှတစ်ဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၎င်းအမျိုးသမီးသည် ယာဘက်နားဘေးကို ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် မျက်လုံး ၂ လုံးကြားမှ ကျည်ဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။