၂၂. ၄. ၂၀၂၃
Translated by Htwe Ko Tun
ဩစတြီးယားနိုင်ငံအတွင်း မြို့တော်ဗီယင်နာ၏ မြောက်ဘက်စွန်းရှိ မိမွေးတိုင်းဖမွေးတိုင်းနေခြင်းက ကျန်းမာရေးနှင့်ညီသည်ဟုခံယူကာ အဝတ်အစားမပါ ကိုယ်တီးလုံးနေကြသူများ အပန်းဖြေရာနေရာဟု လူသိများသည့် သဲသောင်ပြင်တစ်ခုပေါ်မှဖြတ်သန်း၍ ကောင်းကင်ကေဘယ်လ်ကြိုးရထားလိုင်းဖြတ်သန်းပြေးဆွဲရန် စီမံချက်ကို ၎င်းတို့က ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
အသက် ၇၂ နှစ်ရှိ မိမွေးတိုင်းဖမွေးတိုင်းနေခြင်းကိုလက်ခံသူ ဘာဘရာ ဟော့စ်ဂျယ်လ် အမည်ရှိအမျိုးသမီးက “ဒီနယ်မြေထဲ ဆဲလ်ဖုန်းကင်မရာတွေနဲ့အတူ ကေဘယ်လ်ကြိုးကားအသုံးပြုသူတွေဖြတ်သန်းလာကြမယ်ဆိုရင် ကျွန်မတို့အတွက် တစ်ဦးချင်းဆိတ်ငြိမ်အနှောင့်အယှက်ကင်းမှုကို ထိခိုက်လာမှာ စိုးရိမ်မိတယ်။ ကျွန်မတို့ကို အင်တာနက်ပေါ်ရောက်ရှိတဲ့အထိ ဖော်ပြခံရမှာ မလိုလားပါဘူး” ဟု ဧပြီလ ၂၁ ရက်က ပြောခဲ့သည်။
ကေဘယ်လ်ကြိုးကားစီမံချက်ဆောင်ရွက်ပေးမည့် ဟန်းစ် ဒီဂျာကိုကမူ ထိုကေဘယ်လ်ကြိုးကားများက သဲသောင်ပြင်နယ်မြေအပေါ်မှ တိုတောင်းသောလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားရုံသာဖြစ်ပါကြောင်း၊ ထို့ပြင် နယ်မြေအတွင်းဝင်လာသည်နှင့် ကေဘယ်လ်ကားများ၏ ပြတင်းပေါက်များကို ပြင်ပသို့ ထွင်းဖောက်မမြင်နိုင်အောင် အလိုအလျောက်ပိတ်သွားမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။
ကေဘယ်လ်ကြိုးကားစီမံချက်က ဟယ်လင်ဂန်စတာ့ လမ်းဆုံဘူတာမှသည် ဒါနျူဘီမြစ်ကိုဖြတ်ကာ ဗီယင်နာမြို့မြောက်ဘက်ရှိ ကာလင်ဘာ့ဂ် တောင်တန်းငယ်ပေါ်မှဖြတ်၍ ပြေးဆွဲမည်ဖြစ်ရာ ဗီယင်နာမြို့ ပတ်ဝန်းကျင်တဝိုက် ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို တွေ့မြင်ခံစားကြရမည်ဟု ဆိုသည်။
Ref—-AP