၂၂. ၄. ၂၀၂၃
Written by Naing Thuta
ယမန်နေ့ညဦးပိုင်းက မန္တလေးမြို့ပေါ်တွင် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆောက်အဦများ၊ သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျပျက်ဆီးမှုများစွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ၂၁ ရက် ညဦးပိုင်း ၇ နာရီခွဲဝန်းကျင်ခန့်က မန္တလေးမြို့ပေါ်တွင် လေပြင်းမုန်တိုင်းကျရောက်ကာမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရှိ အဆောက်အဦများ အမိုးလန်၍ ပျက်ဆီးခြင်း၊ ဓာတ်မီးတိုင်များလဲကျပျက်ဆီးခြင်း၊ သစ်ပင်များလည်း ကျိုးကျခြင်း/လှဲကျပျက်စီးခြင်းများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သို့သော် လူ၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ကနဦးသိရသည်။
” ည ၇ နာရီကျော်လောက်မှာ လေကအရမ်းတိုက်လာတာ။အိမ်တိုင်တွေပါ ကျွတ်ထွက်မတတ်တိုက်သွားတာ။ လူလည်းတော်တော်လန့်သွားတာ။ သစ်ပင်တွေလည်းကျိုးကျကုန်တယ်။ တချို့အိမ်တွေဆို အမိုးတွေပါလန်ကုန်တာ။ မီးလည်းအဲဒီကတည်းကပျက်သွားတာ အခုမနက် ၈ နာရီထိုးခါနီးချိန်ထိမလာသေးဘူး။ ဓာတ်တိုင်တွေလဲကျပျက်စီးကုန်တော့ ပြန်ပြုပြင်ပြီး စိတ်ချတဲ့အခြေအနေလောက်မှ လာမယ်ထင်တယ်”ဟု မြို့ခံတစ်ဦးက ဆိုသည်။
လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုနည်းသွားချိန်တွင် မြို့ပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းဖွဲ့များမှ ပျက်စီးသွားသော အရာများအား လိုက်လံသိမ်းဆည်းမှုများ၊ ပြုပြင်မှုများကိုပြုလုပ်ခဲ့ကြပြီး ကျန်ရှိသောပျက်စီးမှုများကိုလည်း ယနေ့မနက်ကတည်းက လိုက်လံလုပ်ဆောင်နေကြကြောင်းလည်း ဒေသခံပရဟိတလုပ်ကိုင်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။