၂၂. ၄. ၂၀၂၃
Written by Min Mahar
ယမန်နေ့ မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းအား PDF အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့် ၅ ချက် ပစ်ခတ်သွားမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ဧပြီလ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ တမ္ပဝတီ ရပ်ကွက်တွင်နေထိုင်သော အသက် ၆၃ နှစ်အရွယ်
သာယာအေးရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းထံ ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ PDF အဖွဲ့ဝင် ၂ ဦးက ရောက်ရှိလာပြီးသေနတ်ဖြင့် ၅ ချက် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းသည် ဘယ်ဘက်ပါး ဖောက်ဝင်သွားသည့်ဒဏ်ရာ ၂ ချက်၊ ညာဘက်ခါးကျောပြင်ကိုလည်း ဖောက်ဝင်ဒဏ်ရာ ၂ ချက်နှင့် ညာဘက်နံရိုးကိုပါ ဖောက်ဝင်သွားသာဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) စသည့် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၎င်းဆေးရုံမှတစ်ဆင့် မိတ္ထီလာမြို့၊ အမှတ်(၁)တပ်မတော်ဆေးရုံကုတင်(၅၀၀)သို့ ဆက်လက်ဆေးကုသရန် “သုဂတိရှင်”နာရေးကူညီမှုအသင်းမော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။
သက်ဆိုင်ရာနယ်မြေရှင်းလင်းရေးအဖွဲ့များမှ ရောက်ရှိလာပြီးစစ်ဆေးမှုများပြုလုပ်ကာ PDF များ ထွက်ပြေးနိုင်သည့် လမ်းကြောင်းများအား ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။