၂၂. ၄. ၂၀၂၃
Written by Hey Mar
လားရှိူး-သိန္နီ ပြည်ထောင်စုလမ်းမကြီး၊ (၉)မိုင်လမ်းခွဲတွင် (၁၂)ဘီးကားကြီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဥ် ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့၊ ည ၈ နာရီ ၃၀ ဝန်းကျင်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း လားရှိုးအခြေစိုက် ပရဟိတအသင်းမှ သိရသည်။
ဖြစ်စဥ်တွင် ကားအတွင်းညပ်မိသူ အမျိုးသမီးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောက်ရွက်နိုင်ရန် ခရိုင်မီးသတ်ထံ ချိတ်ဆက်အကူအညီယူခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် အမှတ်-(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(စခန်းမှူး-နယ်မြေရဲစခန်း) ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးစီးသည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ကရိန်းဝန်ဆောင်မှုမှ ကရိန်းယာဉ်များနှင့် ပူးပေါင်းကာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦး၊ ကားတွင်းညပ်မိသေဆုံးသူအမျိုးသမီး(၁)ဦးတို့အား ကားအတွင်းမှ ခက်ခက်ခဲခဲ ထုတ်ယူကာ လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လားရှိုးလူငယ်များပရဟိတအသင်းနှင့် ပေးသောလက်ပရဟိတ အသင်းတို့က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လားရှိုးပြည်သူ့ဆေးရုံကြီးမှ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား ပြင်ပလူနာအဖြစ်လည်းကောင်း၊ သေဆုံးသူအမျိုးသမီးအား ရင်ခွဲရုံသို့ (PR-015)ဖြင့်လည်းကောင်း အသီးသီး လက်ခံဆောက်ရွက်ခဲ့ပြီး ကားပေါ်မှ ဖိတ်စင်ကျနေသည့် တရုတ်ပဲကြီးလှော်များအား အများသူငါ အန္တရာယ်မဖြစ်စေရေးအတွက် အနီးအနားမှ တာဝန်သိ မော်တော်ယာဉ်မှူးများ၊ယာဉ်နောက်လိုက်များ၊ မိဘပြည်သူများနှင့် ပရဟိတ အသင်းသားများက ပူးပေါင်းကာ ရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။