၂၁. ၄. ၂၀၂၃
Written by Tha Doe
နိုင်ငံ့ဝန်ထမ်းများကို လစာ သို့မဟုတ် ရှားပါးစရိတ် ကျပ် ၄၀၀၀၀ တိုးမြှင့်ပေးမည်ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးမည်ဆိုသည်မှာ ကောလာဟလသာဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိုက်က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ယနေ့တွင် ငြင်းဆိုလိုက်သည်။
“လက်ရှိ ပြင်ပမှာထွက်ပေါ်နေတဲ့ လစာနှုန်းထား တိုးမြှင့်မယ်ဆိုတဲ့သတင်းကတော့ ကောလာဟလပဲဖြစ်ပါတယ် ခင်ဗျ။ လစာနှုန်းထားတွေကတော့ လက်ရှိလစာနှုန်းထားအတိုင်းပဲဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရတော့ လစာနှုန်းထားကို တိုးမြှင့်ဖို့ မရှိသေးကြောင်း တင်ပြအပ်ပါတယ် ခင်ဗျ”ဟု ဦးဝင်းထိုက်က ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေ တိုးမြှင့်မည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ကောလာဟလနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်အား မြန်မာ့အသံမှ ဆက်သွယ်မေးမြန်းထားမှုအရ လစာတိုးမြှင့်ပေးမည်မဟုတ်ဟု ငြင်းဆိုသော်လည်း ရှားပါးစရိတ်အဖြစ် ချီးမြှင့်ခြင်း ပြုမပြုကိုမူ သတင်းဌာနက မေးမြန်းမှု မပြုသကဲ့သို့ ဦးဝင်းထိုက်ကလည်း ဖြေဆိုမှုမရှိချေ။
တည်ဆဲအစိုးရများအနေဖြင့် ဘဏ္ဍာရေးအခြေအနေအရ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးနိုင်မှုမရှိသော်လည်း ဘက်စုံကျပ်တည်းလာသောအခြေအနေများတွင် ဝတ်စုံစရိတ်၊ ရှားပါးစရိတ်၊ အိမ်ငှားစရိတ် စသည်ဖြင့် ခေါင်းစဥ်တပ်ချီးမြှင့်ကာ လစာတိုးမည်ဆိုသည်နှင့် ဆက်တိုက်မြင့်တက်လာတတ်သော ငွေကြေးဖောင်းပွမှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုကို ရှောင်ရှားချီးမြှင့်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ဝန်ထမ်းလစာတိုးမြှင့်မှု၊ ရှားပါးစရိတ်နှင့် ထောက်ပံ့ကြေးပေးမှုများအဖြစ် လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၃ ကြိမ် တိုးမြှင့်ပေးခဲ့ကာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၇/၂၀၁၅ ဆုံးဖြတ်ချက်အရ ၁၄ ကြိမ်မြောက် လစာတိုးမှုအဖြစ် နိုင်ငံ့ဝန်ထမ်းများ၏ လစာကို အနည်းဆုံး ကျပ် ၁၂၀၀၀၀ မှ အများဆုံး ကျပ်ငါးသိန်းအထိ တိုးမြှင့်ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီတွင် ၁၅ ကြိမ်မြောက် လစာတိုးပေးခဲ့သည်။ ထို့ပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံ့ဝန်ထမ်းများကို အိမ်ငှားစရိတ်လည်း ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယခုအိမ်ငှားစရိတ်ထောက်ပံ့ခြင်း အပါအဝင် ချီးမြှင့်ထောက်ပံ့မှု (၂၇)ခု ပြုလုပ်ပြီးဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြခဲ့သည်။