November 1, 2024

Photo- Phnom Penh Post

၂၁. ၄. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံအရေးအတွက် လာမည့်ရက်သတ္တပတ်ဖြစ်သော ဧပြီလနောက်ဆုံးပတ်အတွင်း ပြုလုပ်မည့် ဒုတိယမြောက် Track 1.5 စားပွဲဝိုင်းအစည်းအဝေးအား အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း အဆင့်မြင့်သတင်းအရင်းအမြစ်တစ်ခုက သိရသည်။

ပထမမြောက် Track 1.5 စားပွဲဝိုင်းအစည်းအဝေးကို မတ်လအတွင်းက ဘန်ကောက်မြို့၌ကျင်းပခဲ့ခြင်းဟုလည်း သိရသည်။ သံတမန်အသုံးအနှုန်းများအရ Track 1.5 စားပွဲဝိုင်းအစည်းအဝေးဟု အမည်ပေးထားသော ထိုအစည်းအဝေးက အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် အစိုးရဝန်ထမ်းမဟုတ်သော ကျွမ်းကျင်သူများပါ ရောနှောစည်းဝေးကြသောဆွေးနွေးပွဲဖြစ်သည်။

အမည်ဖော်ပြခြင်းမရှိသည့် အဆင့်မြင့်သတင်းအရင်းအမြစ်က ဒုတိယမြောက် Track 1.5 စားပွဲဝိုင်း အစည်းအဝေးအား အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဧပြီလ ၂၄ ရက်မှ ၂၆ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းအခြေအနေများကို အလေးထားဆွေးနွေးသွားကြမည်ဖြစ်ပြီး အရပ်သား ၁၆၀ ကျော်သေဆုံးသည်ဟုဆိုကြသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပဇီကြီးကျေးရွာကို မကြာမီက မြန်မာ့တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့မှုကိစ္စလည်း ပါဝင်မည်ဖြစ်သည်။

ဒုတိယမြောက် Track 1.5 စားပွဲဝိုင်း အစည်းအဝေးတွင်မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်၊ မိတ်ဖက်နိုင်ငံများမှ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အ‌ကြံပေးအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။ ၎င်းတို့တွင် ထိုင်း၊ လာအို၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ပါဝင်ကြမည်ဖြစ်သည်။ ထို့ပြင် အာဆီယံအဖွဲ့၏ ယခင်နှစ်အလှည့် ကျဥက္ကဋ္ဌနှင့် လက်ရှိအလှည့်ကျဥက္ကဋ္ဌများဖြစ်သော ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့အပြင် အဓိကအလှူရှင်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံကိုလည်းဖိတ်ကြားထားကြောင်း သိရသည်။ ထိုမျှမကသေး ဒေသဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့များမှကျွမ်းကျင်သူများလည်းတက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။

Track 1.5 စားပွဲဝိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံက အစပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအရေးအခင်း‌ကြောင့်သက်ရောက်မှုရှိကြသော နိုင်ငံများအတွက် ပွင့်လင်းစွာဆွေးနွေးနိုင်မည့် လမ်းကြောင်းများဖွင့်ပေးခြင်းဟုလည်းဆိုသည်။ ထိုအစည်းအဝေးက အပြန်အလှန်လေးစားယုံကြည်မှုရှိခြင်းကို မြှင့်တင်ပေးရန်လည်းရည်ရွယ်သည်။အစည်းအဝေးတွင်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဆောင်ရွက်မှုအရ အာဆီယံအများသဘောတူဆန္ဒငါးချက်အတွင်း ဘောင်ဝင်မည့်အရေးကိစ္စများကို အလေးထားဆွေးနွေးသွားမည်လည်းဖြစ်သည်။

ဆွေးနွေးပွဲမှ စဉ်းစားချင့်ချိန်သုံးသပ်ရသည့် ရလဒ်များကို ထပ်ဆင့်ဆောင်ရွက်မှုများပြုနိုင်ရန် ခေါင်းဆောင်များသို့ထပ်ဆင့်တင်ပြသွားမည်ဟု မျှော်လင့်ရသည်။ လက်တွေ့မြေပြင်တွင် မြန်မာနိုင်ငံပဋိပက္ခ၌ ပါဝင်နေသူများအကြားတိုက်ခိုက်မှုများရှိနေခြင်းက အာဆီယံငြိမ်းချမ်းရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို နှေးကွေးနေစေသည်။

Ref——thaipbsworld.com

Leave a Reply

Your email address will not be published. Required fields are marked *