November 1, 2024

၂၁. ၄. ၂၀၂၃
Written Nyein Kyaw

၆၆ ကေဗွီ သာကေတ-ပုသိမ်ညွှန်ဓာတ်အားလိုင်း Cable ဖြတ်ခိုးရန်ကြံစည်မှုဖြစ်ပွားခဲ့သဖြင့် တာမွေမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေး‌ရေးကော်ပိုရေးရှင်း (တာမွေ)က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီ ၂၁ ရက် နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ကြက်ဘဲဈေးတံတားပေါ်ရှိ ၆၆ ကေဗွီ သာကေတ-ပုသိမ်ညွှန်ဓာတ်အားလိုင်း Cable ဖြတ်ခိုးရန်ကြံစည်မှုဖြစ်ပွားခဲ့ပြီး Line Fault ဖြစ်ကာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နေရသည်။

“မနေ့ညက တစ်ညလုံးလိုလို မီးမလာဘူး။ လာတော့လည်း ငါးမိနစ်လောက်လာပြီး ချက်ခြင်းပြတ်သွားတယ်။ ဒီနေ့မနက်လည်း ရှစ်နာရီကျော်မှ မီးပြန်လာတယ်။ တစ်ညလုံးလိုလို မီးဆက်တိုက်ပြတ်နေတာ” တာမွေမြို့နယ်နေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ သမိုင်းချောင်းအနီးရှိ ၆၆ ကေဗွီမြေအောက် ကေဘယ်ကြိုးတစ်ချောင်း ဖြတ်တောက်ခိုးယူခံရပြီး မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့မှ ရပ်ကွက်များသို့ ဓာတ်အားပေးသည့် ဓာတ်အားခွဲရုံများဓာတ်အား ပြတ်တောက်ခဲ့ကာ ဘီလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအနီးတွင် (၂၀)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအားမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မြေအောက်ကေဘယ်ကြိုးများ ခိုယူခံရခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ မိုင်းခွဲခံရခြင်းများရှိနေ၍ လျှပ်စစ်မီးများ ထပ်မံမပြတ်တောက်စေရန် မိဘပြည်သူများက ဝိုင်းဝန်း‌ စောင့်ရှောက်ပေးရန်နှင့် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာမြိုနယ်လျှပ်စစ်ရုံးများသို အကြောင်းကြားပေးရန် ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *