၂၁. ၄. ၂၀၂၃
Written By Thandar
သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်နဲ့ The Voice Journal(ရပ်နား) အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို ပဇီကြီးရွာဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းပြီးနောက်မှာ ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်လိုက်ပြီလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
သရုပ်ဆောင် မေပန်းချီစိုးနောင်(ခ) မေပန်းချီ နဲ့ ရွှေရည်သိန်းတန်တို့ကို ဒဂုံမြို့သစ်မြောက်ပိုင်းက သူတို့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းမှာ ဧပြီလ ၂၀ ရက်နေ့က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ထိုနည်းတူ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကိုလည်း စမ်းချောင်းက သူရဲ့နေအိမ်မှာဖမ်းဆီးပြီး စမ်းချောင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးအမှုဖွင့်ခံရသူတွေထဲမှာ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ထက်ထက်လှိုင်(ခ)ထက်ထက်ကိုလည်း ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပြီး သူမကတော့ “မဟာမဏ္ဍပ်”ဆိုတဲ့ စကားလုံးကို “မသာမဏ္ဍပ်” လို့ပြောင်းလဲတာကြောင့်လို့လည်း သိရပါတယ်။
သူတို့ ဖမ်းဆီးခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး အတည်ပြုအသေးစိတ်အချက်အလက်တွေ သိရှိနိုင်ဖို့ MT News Entertainment က ဆက်လက်စုံစမ်း ဖော်ပြပေးမှာဖြစ်ပါတယ်။