၂၁. ၄. ၂၀၂၃
Written by Pan Ei
Netflix ကနေ လာမယ့် မေလ ၁၀ ရက်နေ့မှာ ကလီယိုပတ်ထရာ မှတ်တမ်းရုပ်ရှင် ‘Queen Cleopatra’ ကို ထုတ်လွှင့်ပြသတော့မှာဖြစ်ပြီး အဆိုပါ ရုပ်ရှင်ရဲ့ ကလီယိုပတ်ထရာနေရာမှာ လူမည်းသရုပ်ဆောင်ကို အသုံးပြုထားတာကြောင့် Netflix က တရားစွဲဆိုခံနေရပါတယ်။
တရားစွဲသူဟာ အီဂျစ်ရှေ့နေ့တစ်ဦးဖြစ်တဲ့ Mahmoud al-Semary ဆိုသူဖြစ်ပြီး ကလီယိုပတ်ထရာကို လူမည်းတစ်ဦးနဲ့ သရုပ်ဖော်ထားတာက “အီဂျစ်လူမျိုးတွေရဲ့ သမိုင်းကြောင်းကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းတာဖြစ်တယ်” လို့ သူက ပြောကြားခဲ့ပြီး ထိပ်တန်းရှေးဟောင်းသုတေသနပညာရှင်တစ်ဦးကလည်း ကလီယိုပတ်ထရာဟာ “ဖျော့တော့တဲ့ အသားအရောင်ရှိပြီး လူမည်းမဟုတ်ကြောင်း” အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
တရားစွဲဆိုရာမှာ “အီဂျစ်သမိုင်းကို မှားယွင်းစွာဖော်ပြထားတဲ့ ရုပ်ရှင်တွေက အီဂျစ်လူမျိုးတွေရဲ့ သမိုင်းအမှတ်အသားကို ဖျောက်ဖျက်စေနိုင်တာနဲ့ ကမောက်ကမဖြစ်စေနိုင်တာကြောင့် ထုတ်လွှင့်မှုတွေကို ရပ်တန့်ဖို့” ဆိုတဲ့ အချက်တွေပါဝင်ပြီး ရုပ်ရှင်ထုတ်လုပ်သူတွေကို တရားဥပဒေအရ အရေးယူဖို့နဲ့ Netflix ကို အီဂျစ်မှာ ပိတ်ပစ်ဖို့တွေပါ Mahmoud al-Semary က တောင်းဆိုထားပါတယ်။
ကလီယိုပတ်ထရာကို ဘီစီ ၆၉ တုန်းက အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမှာ မွေးဖွားခဲ့ပါတယ်။ ဘီစီ ၅၁ ကနေ ၃၀ အတွင်း အီဂျစ်ရဲ့ တောလမစ်နိုင်ငံတော်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်မ တစ်ပါးပဲဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင် ‘Queen Cleopatra’ ဟာ စုစုပေါင်း အပိုင်း လေးပိုင်း ပါဝင်သွားမှာဖြစ်ပြီး ဗြိတိန်မင်းသမီး Adele James က ကလီယိုပတ်ထရာ နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
Ref; africa news, Wikipedia