၂၁. ၄. ၂၀၂၃
Written By Thandar
အကယ်ဒမီဝါဝါဝင်းရွှေ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၆၀ ပြည့်နှစ်ဝန်းကျင် လူငယ်နှစ်ဦးရဲ့ လွမ်းဆွတ်ကြည်နူးဖွယ် အချစ်ဇာတ်လမ်း “အမှတ်တရနွေ” (Memories of Summer) ဇာတ်လမ်းတွဲ Press Conference Show ကို ဧပြီ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းက အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
“အရင်ခေတ်ဇာတ်မျိုးက ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုးသဘောကျတယ်။ ဒီဇာတ်လမ်းက ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ဝန်းကျင်က နွေရာသီလေးမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လေးကို အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ နာမည်ကြီး အန်တီဝါဝါဝင်းရွှေက မေစီဆိုတဲ့ ဘဝနှစ်ခုနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ မမွေးသေးခင် နာမည်ကြီး ဂန္ဓဝင်မင်းသမီးကြီးနဲ့ ရိုက်ရမယ်ဆိုတော့ အတွေ့အကြုံအသစ်ဖြစ်တယ်။ ပိုရိုက်ချင်ခဲ့တယ်။ အစစအရာရာ အကုန်လုံး။ ဝတ်စုံ၊ နေရာကအစ အဲဒီခေတ်ဖြစ်နေအောင် အသေးစိတ်ဖြစ်နေအောင် ရိုက်ရတယ်။ ကျွန်တော်ကလည်း အဲဒီပုံစံမျိုးကို သဘောကျတဲ့အတွက် ရိုက်ရတာပိုပျော်ဖို့ ကောင်းပါတယ်”လို့ ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က ပြောပါတယ်။
အမှတ်တရနွေ ဇာတ်လမ်းတွဲကို ဆောင်းညပြာသို ထုတ်လုပ်ရေးက မူပိုင်နှင်းဆီ ရေးသားထားပြီး လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က တောင်ပေါ်မြို့လေးတစ်မြို့မှာ အစပြုခဲ့တဲ့ ခွန်နောင်နဲ့ မေစီ လူငယ်လေးနှစ်ဦးရဲ့ နူးညံ့သိမ်မွေ့တဲ့ နွေရာသီ အချစ်ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ Everest Moe၊ ဝင်းခန့်မိုး၊ သိမ်မွေ့သံစဉ်၊ လင်းဇာနည်ဇော်တို့နဲ့ ရိုက်ကူးထားပါတယ်။
“ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အမှတ်တရတွေ အများကြီးနဲ့ ကျန်ခဲ့တဲ့ အမှတ်တရနွေ ဇာတ်လမ်းတွဲလေးမှာ ရတီလေ ဇာတ်ဝင်ခန်းတိုင်း ၊ သရုပ်ဆောင် ဇာတ်ဆောင်တွေရဲ့ ဇာတ်ရုပ်နဲ့ လိုက်အောင် Makeup & Hair Style တွေ သေသေချာကို ပြင်ဆင်ပေးထားခဲ့ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုအားပေးပါဦး”လို့ Make Up Stylist နန်းရတီဝင်းလဲ့က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို ရန်ကုန်၊ ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ ဟဲဟိုးမြို့တို့မှာ ဖန်တီးပုံဖော်ထားတဲ့ အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ အမှတ်တရနွေ ဇာတ်လမ်းတွဲကို ဧပြီ ၂၃ ရက် ည ၈ နာရီခွဲက စပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ Fortune ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။