၂၁. ၄. ၂၀၂၃
Written by Nay Aung
အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် Lunglei ဒေသရှိ အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၅ ဦးသည် ဧပြီ ၂၀ ရက် နံနက်ပိုင်းက ထောင်ဖောက်ထွက်ပြေးသွားခဲ့ကြောင်း အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးဖြစ်သော ဇိုဆမ်ဂါက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထောင်ဖောက်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားများထဲတွင် လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိခံရသူ ၃ ဦးလည်း ပါဝင်ခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများသည် အကျဉ်းထောင်အိမ်သာရှိ အုတ်များကိုချိုးဖျက်ပြီး အမြင့်ပေ ၂၀ ကျော်ရှိ အကျဉ်းထောင် အုတ်နံရံကို ကျော်တက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအကျဉ်းထောင်၏ အုတ်နံရံများတွင် သံဆူးဝါယာကြိုများလည်းတပ်ဆင်ထားကြောင်း၊ အကျဉ်းထောင်အာဏာပိုင်များသည် ဒေသခံရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ထောင်ဖောက်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားများကို အရှိန်မြှင့်ရှာဖွေနေကြောင်း သိရသည်။
အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးဖြစ်သောဇိုဆမ်ဂါက ” အကျဉ်းသား ၅ ဦးစလုံးဟာ ဧပြီ ၂၀ ရက်နေ့ နံနက် ၁ နာရီခွဲနဲ့ ၂နာရီ ၁၅ မိနစ်ကြားမှာ အကျဉ်းထောင်ဖောက်ပြေးခဲ့တာပါ။ အကျဉ်းထောင်ဟာ လုံခြုံရေးကောင်းမွန်မှုရှိပေမယ့်လည်း မြန်မာနိုင်ငံသားတွေဟာ ထောင်ဖောက်ပြေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားအကျဉ်းသားတွေ ထောင်နံရံတွေကိုကျော်ဖြတ်ပြီး ဘယ်လိုမျိုးထွက်ပြေးခဲ့သလဲဆိုတာကို စုံစမ်းနေတယ် “ဟုဆိုသည်။
အကျဉ်းထောင်ဖောက်ပြေးသွားသော မြန်မာနိုင်ငံသား ငါးဦးထဲတွင် လူသတ်မှုကျူးလွန်ထားသူ၊ မူးယစ်မှု၊ လူကုန်ကူးမှုစသည့်အမှုများ ကျူးလွန်ထားသူများပါဝင်ကြောင်း၊ အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးဖြစ်သော ဇိုဆမ်ဂါက ပြောသည်။ Lunglei အကျဉ်းထောင်တွင် အမျိုးသမီး ၁၆ ဦး အပါအဝင်အကျဉ်းသား စုစုပေါင်း ၁၅၁ ဦးရှိနေပြီး ထားရှိနိုင်သောအရေအတွက်ထက် ပိုမိုများပြားနေကြောင်း၊ အဆိုပါအကျဉ်းထောင်သည် အကျဉ်းသားဦးရေ ၁၀၉ ဦးသာ ထားရှိနိုင်သောအကျဉ်းထောင်ဖြစ်ကြောင်း သိရသည်။
အဆိုပါအကျဉ်းထောင်၏ ထောင်နံရံတစ်လျှောက်တွင် ပုံမှန်အားဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ယခင်က ချထားသော်လည်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး၏အမိန့်အရ သုံးဦးသာ တာဝန်ချထားနိုင်ခဲ့ကြောင်း၊ အခြား ဝန်ထမ်း ၄ ဦးကို လုပ်သားလိုအပ်ချက်ကြောင့် တာဝန်ချထားပေးနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
Ref— hindustantimes