၂၁. ၄. ၂၀၂၃
Written By Thandar
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အကယ်ဒမီအခမ်းအနား တက်ရောက်လာကြတဲ့ အနုပညာရှင်တွေကို ပထမဆုံးအဖြစ် ဖက်ရှင်ဆု ရွေးချယ်ချီးမြှင့်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမမှာ ကျင်းပခဲ့တယ်။
အဆိုပါ အစည်းအဝေးကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်း အတွင်းဝန်တွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်၊ Nebula X Entertainment က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ဆုများပေးအပ်ချီးမြှင့်ရေးအတွက် အနုပညာရှင်တွေရဲ့ ဆန္ဒကိုနားထောင်ပြီး အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားနေတယ်လို့ ဆိုပါတယ်။ ဒီဆုပေးပွဲကို အနုပညာရှင်များအားလုံးက စိတ်တူကိုယ်တူနဲ့ မပျက်မကွက် ပူးပေါင်းပါဝင် တက်ရောက်ကြစေလိုပါကြောင်းနဲ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ အနုပညာရှင်တွေထဲက ဖက်ရှင်ဆုရွေးချယ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
မတ်လ ၆ ရက် နေပြည်တော်မှာ ကျင်းပမယ့် ၂၀၁၉ ၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ အနုပညာလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အရှိန်အဟုန်တစ်ခုဖြစ်ကြောင်း၊ အနုပညာလောကအတွက်ရော ပြည်သူလူထုအတွက်ပါ အနှစ်သာရရှိပြီး စိတ်ဝင်စားမှုအရှိဆုံး အခမ်းအနားတစ်ခုလည်း ဖြစ်တာမို့ အရေးကြီးတဲ့ အခမ်းအနားတစ်ခုဖြစ်တယ်လို့ ဦးမောင်မောင်အုန်းက ဆိုပါတယ်။
နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံကိုလည်း ပြန်ကြားရေးဝန်ကြီးအဖွဲ့ သွားရောက်ပြီး ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမယ့် စင်မြင့်တည်ဆောက်ပြီးစီးမှုတွေ၊ မီဒီယာဇုန်နဲ့ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာ၊ မုခ်ဦးတွေ၊ မီးအလှဆင်ခြင်းတွေ၊ ပွဲခင်းထိုင်ခုံတွေ၊ ဖျော်ဖြေရေးစင်မြင့် စတာတွေကို ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။