November 2, 2024

မလေးရှားနိုင်ငံတွင် အလုပ်အကိုင်မရရှိဘဲ သောင်တင်ကာ ဒုက္ခရောက်နေကြသည့် တောင်အာရှဒေသမှ ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်

၂၁. ၄. ၂၀၂၃
Translated by Htwe Ko Tun

အလုပ်အကိုင်ရရှိရေးအတွက် များပြားလှသော အခကြေးငွေကို ပေးဆောင်နေကြရသော်ငြားလည်း မလေးရှားနိုင်ငံအတွင်းသို အဆက်မပြတ်ဝင်ရောက်လာနေကြသော တောင်အာရှဒေသမှ အလုပ်အကိုင်မဲ့ ရွှေ့ပြောင်းအလုပ်သမားများ မည်သိုရောက်ရှိနေကြသည်နှင့် ၎င်းတို့အပေါ် ခေါင်းပုံဖြတ်လှည့်စားခံနေရမှုများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောခဲ့ကြသည်။

လွန်ခဲ့သောနှစ်များအတွင်း အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်မှုများစွာရှိသည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရကာ၊ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့ဆောင်မှုစနစ်ဗဟို၌ အဓိကကျသောကုန်ထုတ်လုပ်မှု အချက်အခြာတစ်ရပ်ဖြစ်သည့် မလေးရှားနိုင်ငံအတွင်း တောင်အာရှဒေသမှ အလုပ်အကိုင်မဲ့ ရွှေ့ပြောင်း အလုပ်သမားများကိစ္စက အလုပ်သမားများအပေါ်နှင့် အလုပ်ခွင်အနိုင်ကျင့်မှုများ ဆက်လက်ရှင်သန်ဖြစ်ပွားနေဆဲလားဟု စိုးရိမ်ဖွယ်ရာလည်းဖြစ်စေခဲ့သည်။

တောင်အာရှဒေသ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါတို့မှ များပြားလှသော ရွှေ့ပြောင်းအလုပ်သမားများက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မလေးရှားသို့ ဝင်ရောက်လာခဲ့ကြပြီး မလေးရှားတွင် အလုပ်အကိုင်ရရှိရေးအတွက် ကြားပွဲစားများကို တစ်ဦးလျှင် ရင်းဂစ် ၂၀,၀၀၀(အမေရိကန်ဒေါ်လာ ၄,၅၀၀) ပေးခဲ့ကြရကြောင်း တာဝန်ရှိသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက အလုပ်သမားအချို့ကို တွေ့ဆုံမေးမြန်းမှုများတွင် အလုပ်သမားများက ထုတ်ဖော်ပြောခဲ့ကြသည်။

အများအပြားမှာ အလုပ်ရရှိရေးအတွက် ထိုသို့ပေးနိုင်ရန် ချေးငွေများရယူခဲ့ကြရပြီး အလုပ်အကိုင်မရရှိခြင်းနှင့် လစာတို့ကြောင့် ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိဘဲ ဖြစ်ကြရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောခဲ့ကြသည်။ သို့အတွက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသူများက သိမ်းယူသွားကြသည့်အခါတွင်မူ ၎င်းတို့မှာ မလေးရှားနိုင်ငံအတွင်း ပိုမိုဆိုးဝါးသောအခြေအနေသို့ ရောက်ခဲ့ကြရသည်။ လွတ်လပ်သောအလုပ်အကိုင်တက်ကြွလှုပ်ရှားသူ အန်ဒီဟောက ထိုအလုပ်သမားများမှာ အလုပ်ကြမ်းအဓမ္မပြုလုပ်ရမှုနှင့် ခိုကိုးရာမဲ့ဖြစ်ရမှုတို့ကြောင့် ကြီးမားစွာ အန္တရာယ်ရှိနေကြောင်းပြောခဲ့သည်။ တစ်ဆက်တည်းမှာပင် အဆိုပါရွှေ့ပြောင်းအလုပ်သမားများမှာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များသိမ်းယူခံရပြီးနောက် ကြွေးမြီကျေးကျွန်ဘဝရောက်ရခြင်း၊ ဆင်းရဲသော လူနေမှုအခြေအနေများသို့ ရောက်ရခြင်း၊ အထီးကျန်ဖြစ်ရခြင်းနှင့် လွတ်လပ်စွာသွားလာနိုင်မှုကန့်သတ်ခံရခြင်းတို့ကို ကြုံတွေ့ရကာ အတိဒုက္ခရောက်ရကြောင်းလည်း ၎င်းကပြောခဲ့သည်။

ယခုအခါတွင်မူ မလေးရှားအစိုးရက ထိုကိစ္စကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း အလုပ်သမားဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အက်စရီ ရာမန်က ပြောခဲ့သည်။ သို့သော် စုံစမ်းစစ်ဆေးမှုပြုခြင်းပြီးမြောက်မှု အသေးစိတ်ကို ပြောကြားရန် ၎င်းကငြင်းပယ်ခဲ့သည်။ ဧပြီလ ဒုတိယပတ်အတွင်းကမူ လူသားအရင်းအမြစ်ဆိုင်ရာဝန်ကြီး ဗီ ဆီဗာကူးမားက မလေးရှားနိုင်ငံအတွင်း ၎င်းတို့အား ကတိပြုခြင်းခံခဲ့ရသော အလုပ်အကိုင်များမရရှိကြဘဲ ရောက်ရှိနေကြရသည်မှာ ရက် ၄၀ ခန့်ရှိသွားပြီဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့်နီပေါတို့မှအလုပ်သမား ၂၂၆ ဦးပါအုပ်စုကို သွားရောက်တွေ့ဆုံခဲ့သည်။ ၎င်းက အလုပ်သမားတို့၏ဘဝ နေထိုင်ရမှုက ဆိုးရွားလှကြောင်းနှင့် ၎င်းတို့အတွက် အလုပ်အကိုင်များ အမြန်ဆုံးရှာပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

မလေးရှားနိုင်ငံအတွက် ရွှေ့ပြောင်းအလုပ်သမားများ လာရောက်ရာ အဓိကအရင်းအမြစ်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ၎င်း၏နိုင်ငံသားများအလုပ်အကိုင်ရရှိရေးတွင် လှည့်စားခံနေရမှုများကို မလေးရှားအစိုးရအနေနှင့် ကာကွယ်ပေးရန် ပိုမိုပွင့်လင်းမြင်သာမှုရှိရေး တောင်းဆိုခဲ့သည်။ မလေးရှားနိုင်ငံဆိုင်ရာ နီပေါသံရုံးကလည်း ၎င်းအနေဖြင့် မလေးရှားနိုင်ငံတွင် အလုပ်အကိုင်မဲ့ဖြစ်ကာ သောင်တင်နေသော နီပေါနိုင်ငံသား ၁၂၅ ဦးပါအုပ်စုအတွက် အလုပ်အကိုင်များရရှိရေးဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *