၂၁. ၄. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံတွင် မေလ ၁ ရက်မှ ၇ ရက်အထိ ကျင်းပမည့် AFF Futsal Club Championship 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ VUC ဖူဆယ်ဘောလုံးအသင်းက ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အခက်အခဲများကြားက အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက MT News သို့ ပြောသည်။
အထက်ပါပြိုင်ပွဲသို့ နိုင်ငံပေါင်း၆ နိုင်ငံကိုယ်စားပြု ဖူဆယ် ကလပ်အသင်းတစ်သင်းဆီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မြန်မာနိုင်ငံမှ VUC FC ၊ ထိုင်းနိုင်ငံမှ Hongyen Thakam FC၊ မလေးရှားမှ Pahang Rangers FC၊ အင်ဒိုနီးရှားမှ Black Steel FC၊ ဩစတေးလျမှ Football Victoria၊ ဗီယက်နမ်မှ Thai Son Nam FC တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“AFC ကို နှစ်ကြိမ်လောက်သွားဖူးတယ် ဆိုပေမယ့် နည်းနည်းမြင့်တယ်။ အာရှကလပ်တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါကျတော့ ပွဲအတွေ့အကြုံတွေ ရခဲ့တယ်။ ဒါကတော့ အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပတဲ့ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲပေါ့။ အရင်နှစ်တွေတုန်းက မဝင်ဖူးဘူး။ မဝင်ဖူးဘူးဆိုတာက Laegue ပြိုင်ပွဲတွေ၊ Cup ပြိုင်ပွဲတွေမှာ ဒုတိယနေရာ ကျေနပ်ခဲ့ရတာပေါ့။ ပြီးခဲ့တဲ့ ပြည်တွင်းမှာ လုပ်တဲ့ ချန်ပီယံရှစ်မှာ နိုင်ခဲ့ပြီး ချန်ပီယံဖြစ်တယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ယခုပြိုင်ပွဲတွင် အသင်းကြီးများ ပါဝင်သည့်အတွက် အုပ်စုတွင်းကကျွတ်ကာ ဆီးမီးဖိုင်နယ်အထိ တက်ရောက်နိုင်မည်ဟု မျှော်မှန်းထားကြောင်းလည်း ၎င်းက ဆိုသည်။
“အကောင်းဆုံး ကြိုးဆုံးမှာပါ။နိုင်ငံ့အတွက်ရော၊ ကလပ်အတွက်ရော ပထမဆုံးအနေနဲ့ အခက်အခဲကြားမှာသွား ရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားမှာပေါ့” ဟု ၎င်းက ဆိုသည်။