၂၁. ၄. ၂၀၂၃
Written by Hey Mar
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ ည ၉ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ရှောင်လမ်းတွင် စိုင်းအောင်ဆာ မောင်းနှင်ပြီး စိုင်းပူးခမ်း လိုက်ပါလာသည့် Crown မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလပ်စတစ်အိတ် ၂၉၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်းနှင့် အလားတူ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း CCDAC Myanmar က သတင်းထုတ်ပြန်ထားသည်။