၂၀. ၄. ၂၀၂၃
Written by Thettant
ကယန်းလူမျိုး မြန်မာလက်ဝှေ့မယ် ဘရော်နီကာသည် သူမ၏ ၁၂ ကြိမ်မြောက် စိန်ခေါ်ပွဲအဖြစ် အီတလီလက်ဝှေ့မယ် Ester Viola နှင့် ယှဉ်ပြိုင်ထိုးသတ်ရန် အီတလီနိုင်ငံသို့ ယမန်နေ့ ဧပြီ ၁၉ ရက်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ထိုင်းဘုရင့်ဖလားလက်ဝှေ့ပြိုင်ပွဲ ချန်ပီယံလည်းဖြစ်သူ ဘရော်နီကာအတွက် အဆိုပါပွဲစဉ်သည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်လာမည်ဖြစ်ပြီး လာမည့် ဧပြီ ၂၂ ရက်၌ အီတလီနိုင်ငံ၊ ရောမမြို့တွင် ထိုင်းရိုးရာလက်ဝှေ့(မွေထိုင်း) ထိုးသတ်နည်းဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။
“အီတလီသို့ ထွက်ခွာသွားပါပြီ။ ၂၂ ရက်နေ့ပွဲအတွက် စောင့်မျှော်အားပေးကြပါနော်။ ထိုးသတ်ရမဲ့အချိန် ပြန်ပြောပေးပါ့မယ်ရှင်” ဟု ဘရော်နီကာက သူမ၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
ဘရော်နီကာသည် ၎င်း၏ ယှဉ်ပြိုင်ထိုးသတ်မှု သက်တမ်းတလျှောက် ပွဲဦးထွက်ပွဲစဉ်သာ ရှုံးနိမ့်၍ ကျန် ၁၀ ပွဲဆက်တိုက် အနိုင်ထိုးသတ်နိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန် ထိုင်းနိုင်ငံတွင် နေထိုင်နေသူဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကလည်း ဘရာဇီးလက်ဝှေ့မယ် Yuly Alves ကို ထိုင်းနိုင်ငံရှိ ဆာလာဘူရီလုံဖောလွီတွင် ထိုးသတ်စဉ် အနိုင်ယူခဲ့ပြီးနောက် သူမကို မြန်မာသူဌေးကြီးတစ်ဦးဖြစ်သူ ဦးမိုးမြင့်က ထိုင်းဘတ်ငွေ ၅၅၀၀၀ ချီးမြှင့်ခဲ့သည်။