၂၀. ၄. ၂၀၂၃
Written by Ye Kyaw
လာမည့်၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးအတွက် လျှပ်စစ်ကဏ္ဍ၌ ရရှိနိုင်သမျှ စွမ်းအင်အရင်းအမြစ်မျိုးစုံကို ရင်းနှီးမြှုပ်နှံမှု နည်းမျိုးစုံဖြင့် အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဧပြီ ၁၉ ရက်တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားပေးစက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူးများ၊ ပင်မဓာတ်အား ခွဲရုံမှူးများနှင့် ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှု နည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးသောင်းဟန်က ပြောသည်။
SAC အစိုးရအနေဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၆ ဘီလျံသာ ခွင့်ပြုနိုင်ခဲ့သော်လည်း လျှပ်စစ်ကဏ္ဍတစ်ခုတည်းတွင် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းနီးပါး (ထက်ဝက်)အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။