၂၀. ၄. ၂၀၂၃
Written by Peya
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ဘုရားဖြူ ဘုန်းတော်ကြီးကျောင်းတွင် ဖယောင်းတိုင် မီးလဲကျ၍ မီးလောင်မှုဖြစ်ပွားရာ သက်တော် ၇၈ နှစ် ဝန်းကျင်အရွယ်ရှိ ရဟန်းတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်တွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရသည့် မဇ္ဇျိမလူမှုကူညီရေးအသင်းမှ တာဝန်ခံက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၊ ဘုရားဖြူဘုန်းတော်ကြီးကျောင်းတွင် ဧပြီ ၁၉ ရက် ည ၉ နာရီ အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေ ၈၀ x ၆၀ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ကျောင်းဆောင်အတွင်း ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ ဖယောင်းတိုင်လဲကျ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဟန်းတော်တစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးမှာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ သိရသလောက်က နှစ်ပါးစလုံးက ခန်းနေ ကိုယ်တော်ပါ။ တစ်ပါးက သက်တော်လည်း ကြီးပြီဆိုတော့ မီးများတာ မသိတာ ဖြစ်မယ်။ တစ်ပါးကတော့ ကိုယ်တော်က ငယ်တော့ ခုန်ချတာလေ။ ခြေထောက်တော့ ကျိုးသွားတယ်” ဟု အထက်ပါ တာဝန်ခံက ဆိုသည်။
အဆိုပါမီးလောင်မှုအား မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၈)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၂)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်တစ်လုံးနှင့် နဝကမ္မပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကာ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ရပ်စောက်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
“ပျံလွန်တော်မူသွားတဲ့ ရဟန်းတော်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ လုပ်မှာပါ” ဟု ၎င်းက ဆိုသည်။