၂၀. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် အိမ်ခြေမဲ့ အသက်(၄၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးလျှက်ရှိကြောင်း ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာ၍ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်ပေးခဲ့ကြောင်း အောင်နိုင်သူ လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဧပြီလ ၂၀ ရက်နေ့ မနက် ၇ နာရီဝန်းကျင် အချိန်က သာကေတမြို့နယ် (၃)ရပ်ကွက် ရန်ပြေရပ်ကွက် ရန်ပြေလမ်းမပေါ် တိုးချဲ့(၁)လမ်းထိပ်တွင် အမည်မသိ၊ အမှတ်မရှိ တစ်ဦးတည်းနေထိုင်သူအမျိုးသား သေဆုံးနေခြင်းဖြစ်ပြီး အဆိုပါအမျိုးသားမှာ ရပ်ကွက်အတွင်း ကျပန်းစားသောက်နေထိုင်ကာ မည်သည့်အရပ်မှ လာသည်ကို မသိရှိရကြောင်း အရက်သေစာသောက်စားတတ်ကြောင်း စသည်ဖြင့် ရပ်ကွက်မှ မှတ်ချက်ပြုစကားတချို့ကို အောင်နိုင်သူလူမှုကူညီရေးအသင်းမှ MT News သို့ပြောသည်။
သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ချက်များအပြီးတွင် အဆိုပါရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။