November 1, 2024

၂၀. ၄. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံက ၂၀၂၃ ခုနှစ် နှစ်လယ်တွင် တရုတ်နိုင်ငံထက် စုစုပေါင်းလူဦးရေသုံးသန်းခန့်သာလွန်ကာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်ဟု ဧပြီလ ၁၉ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂအဖွဲ့၏ ခန့်မှန်းချက်များ၌ ဖော်ပြခဲ့သည်။

ယခုနှစ်လယ်တွင် အိန္ဒိယနိုင်ငံလူဦးရေက ၁ ဒသမ ၄၂၈၆ ဘီလျံရှိလာပြီး တရုတ်နိုင်ငံက ၁ ဒသမ ၄၂၅၇ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရာ အိန္ဒိယနိုင်ငံက လူဦးရေ ၂ ဒသမ ၉ သန်း ခန့်အသာဖြင့် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့(UNFPA) က ခန့်မှန်းခဲ့သည်။ နေ့ရက်အတိအကျကိုမူ ပြောကြားရန် မဖြစ်နိုင်ကြောင်း၊အကြောင်းမှာ တရုတ်နှင့်အိန္ဒိယတို့မှ ရရှိသောအချက်အလက်ဇယားများက သေချာမှုမရှိသည့်အပြင် အိန္ဒိယနိုင်ငံ၏ နောက်ဆုံးသန်းခေါင်စာရင်းက ၂၀၁၁ ခုနှစ်တွင် ကောက်ယူခဲ့ခြင်းဖြစ်သောကြောင့်ဟု ကုလသမဂ္ဂအရာရှိများက ပြောခဲ့ကြသည်။

အိန္ဒိယအနေဖြင့် ၂၀၂၁ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် နှောင့်နှေးခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုကမူ ခန့်မှန်းလူဦးရေ သန်း ၃၄၀ ဖြင့် တတိယမြောက်လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ တရုတ်နိုင်ငံက ၁၉၅၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာခဲ့ပြီး တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိလာမည်ဟုလည်း UNFPA ကခန့်မှန်းထားသည်။ ကမ္ဘာ့လူဦးရေသည်လည်း ယခုနှစ်လယ်တွင် ၈ ဒသမ ၀၄၅ ဘီလျံရှိလာမည်ဟုလည်း ခန့်မှန်းချက်ကဆိုသည်။

အိန္ဒိယနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်သည့်အရွယ်သို့ ရောက်ရှိနေသူ လူဦးရေမှာ သန်း ၉၀၀ ကျော်ရှိပြီး နောက်ဆယ်စုနှစ်တစ်ခုအတွင်း တစ်ဘီလီယံကျော်သွားနိုင်ကြောင်း အိန္ဒိယအစိုးရကပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံမှ ပါမောက္ခတစ်ဦးဖြစ်သူ ချန်ဒရာဆီခါ ဆရီပါဒါက “အိန္ဒိယနိုင်ငံရဲ့ လူဦးရေ တိုးတက်နေမှုက ချိန်ကိုက်ဗုံးကြီးတစ်လုံးပေါ် ထိုင်နေရသလိုပဲ။ အချိန်ကာလတိုတိုအတွင်း နိုင်ငံရဲ့ တိုးတက်လာနေတဲ့ လူဦးရေအတွက် လုံလောက်တဲ့အလုပ်အကိုင်တွေ မဖန်တီးပေးနိုင်ရင် လူမှုရေးမငြိမ်မသက်မှုတွေ တိုင်းပြည်အတွင်းဖြစ်လာနိုင်တယ်” ဟု ပြောကြားခဲ့သည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *