၂၀. ၄. ၂၀၂၃
Written by Min Mahar
စျေးဝယ်ပြန်လာသောလုံခြုံရေးတပ်ဖွဲ့ဝင်ကားကို သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးယောင်ဆောင်ထားသည့် လူ ၈ ဦးက Light Truck ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ပုသိမ်ကြီးမြို့နယ်တွင် ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၀ ရက် ယနေ့နံနက် ၇ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောအုပ်စု၊ မြကန်သာကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် အထက(မြကန်သာ)ကြား၌ ကျေးရွာ စျေးသို့ စျေးဝယ်ပြီးပြန်လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များစီးလာသောကားနောက်မှ သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးယောင်ဆောင်ထားသောလူ ၈ ဦးလိုက်ပါလာသည့် Light Truck အဖြူရောင်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားရာ လခရတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြာင်း သိရသသည်။
“စစ်ကားကို သင်္ကန်းဝတ်နဲ့ ကတုံးတွေလိုက်လာတဲ့ Light Truck ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားကြတာ။ စစ်သားတစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ရဟန်းယောင်ဆောင်ပြီးတော့ လုပ်ကြံကြတာပေါ့ဗျာ။ အခုလိုလုပ်ရပ်က သာသနာကိုခုတုံးလုပ်တာပဲဖြစ်တယ်။ တော်လှန်ရေးလို့ ဆိုပြီးတော့ မလုပ်သင့်မလုပ်ထိုက်တာတွေကိုတော့ မလုပ်စေချင်ဘူး။ ဘယ်ဘက်ကိုမှ မပါပေမဲ့လည်း အခုလိုလုပ်တာကိုတော့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ သင်္ကန်းဝတ် ၈ ဦး လိုက်ပါစီးနင်းသည့် Light Truck ကားသည် ပစ်ခတ်ပြီးနောက် မတ္တရာမြို့ဘက်သို ရွာလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ရွာထိပ်တံတားအနီးတွင် သင်္ကန်း ၂ ထည် ကျကျန်ရစ်ခဲ့ကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။ အခင်းဖြစ်နေရာမှ Ak 47 ကျည် ၂ တောင့်၊ ကျည်ခွံ ၅ ခု တွေ့ရပြီး လိုက်လံပိတ်ဆို့မှုများပြုလုပ်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။