MT News
Written by Naing Thuta
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “ထိပ်တန်း”ရွှေဆိုင် အနုကြမ်းစီးခံရပြီး ကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိသော ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခံရမှု ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက် ယနေ့မွန်းလွဲ ၂ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ စက်မှု(၁)ဈေးရှေ့၊ ၁၃၃ လမ်းနှင့် ၁၃၄ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ “ထိပ်တန်း”ရွှေဆိုင်သို့ CZI ဆိုင်ကယ်အမျိုးအစား(အနီနက်ရောင်နှင့်အဖြူကြား) ၂ စီးဖြင့် အမျိုးသား ၄ ဦးသည် သေနတ်အတိုတစ်လက်၊ ဓားအရှည် ၃ ချောင်းတို့ကိုကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဆိုင်အတွင်းရှိဝန်ထမ်းများကိုခြိမ်းခြောက်ကာ ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိသောရွှေထည်ပစ္စည်းမျိုးစုံကို အနုကြမ်းစီးယူဆောင်ပြီး ၆၂ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ထိပ်တန်းရွှေဆိုင်၏ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။
အဆိုပါအနုကြမ်းစီးသူများသည် ရွှေဆိုင်အတွင်းမှ ရွှေလက် ကောက်အရွယ်စုံ ၃၀ ကွင်း( ၃၀ ကျပ်သားခန့်)၊ ရွှေဆွဲကြိုးအရွယ်စုံ ၁၀၀ ကုံး(၇၀ ကျပ်သားခန့်)၊ ရွှေနားကပ် အရံ ၅၀၊ ရွှေကလစ် ၁၀ ခု(၁၀ကျပ်သား)၊ ခန့်မှန်းကာလတန်ဖိုး သိန်း ၂၇၀၀ ကျော်အား လုယက်ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။