November 1, 2024

MT News

Written by Pan Ei

ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဟာ အင်္ဂါနေ့၊ ဧပြီလ ၁၈ ရက်က အိမ်သာသွားစဉ်မှာ အိမ်သာခွက်ထဲမှာ ရှိနေတဲ့ စပါးအုံးမြွေကို တွေ့လိုက်တာကြောင့် ထခုန်လိုက်စဉ်မှာပဲ သူရဲ့ တင်ပါးကို မြွေက ကိုက်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စပါးအုံးမြွေ အကိုက်ခံရတဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံအလယ်ပိုင်း နွန်သဘူရီမြို့က အသက် ၆၂ နှစ်အရွယ် ဝတ်တွန်းဆိုနာပွန်း ဆိုသူဖြစ်ပြီး မြွေကိုက်ခံရပြီးနောက် ကြောက်ရွံ့မှုကြောင့် ချော်လဲသွားခဲ့ရသလို အဆိုပါ အမျိုးသားကို ဘန်ယိုင်ဆေးရုံဆီ အလျင်အမြန်ပို့ဆောင်ခဲ့ပြီး ကုသမှုခံယူစေခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကံကောင်းစွာနဲ့ပဲ စပါးအုံးမြွေတွေဟာ အဆိပ်ရှိတဲ့မြွေအမျိုးအစားမဟုတ်တာကြောင့် ဝတ်တွန်းဆိုနာပွန်းရဲ့ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရပြီး “သတင်းတွေမှာ အရင်က ဒီလိုဖြစ်တာတွေကို မြင်ဖူးပေမဲ့ သူ့အတွက် ဖြစ်မယ်လို့ မထင်ခဲ့ဘူး” လို့ သူက ဆိုပါတယ်။

ဝတ်တွန်းတို့ အိမ်ရဲ့ ရေချိုးခန်းထဲကို မြွေဝင်တာဟာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်၊ သောကြာနေ့တုန်းကလည်း ရေချိုးခန်းထဲက စပါးအုံးမြွေထွက်လာတာကို တစ်နေ့တည်းမှာပဲ ၃ ကြိမ်တိုင်တိုင် တွေ့မြင်ခဲ့ရပြီး ဒီစပါးအုံးမြွေကို အိမ်ရှိ မိသားစုဝင်တွေအကုန်လုံးက မြင်ဖူးကြတယ်လို့ ဝတ်တွန်းက ပြောပါတယ်။

စပါးအုံးမြွေအကိုက်ခံရတဲ့ ဖြစ်စဉ်ဟာ ဝတ်တွန်း စပါးအုံးမြွေကို နောက်ဆုံးတွေ့ရှိပြီး လေးရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြွေကိုက်ခံရပြီးနောက်မှာ ဝတ်တွန်းနဲ့ သူ့မိသားစုဟာ မြွေကိုရှာဖွေဖို့အတွက် အိမ်သာနံရံတစ်ခုလုံးကို ဖယ်ရှားခဲ့ပေမယ့် မြွေရဲ့ ဘာလက္ခဏာကိုမှ မတွေ့ခဲ့ရပါဘူး။

ပြီးခဲ့တဲ့လကလည်း ထိုင်းနိုင်ငံက အခြားအိမ်ပိုင်ရှင်တစ်ဦးရဲ့ အိမ်သာခွက်ထဲက စပါးအုံးမြွေခေါင်းထွက်လာတာကို တွေ့ရှိခဲ့ရသလို မြွေကြီးဟာ ဆွဲထုတ်ဖို့ ကြီးမားလွန်းနေတာကြောင့် နံရံတွေ၊ ပိုက်တွေကို ဖြိုဖျက်ကာ ဆွဲထုတ်ခဲ့ရပြီး အဆိုပါ စပါးအုံးမြွေကြီးကတော့ ၂၃ ကီလိုဂရမ် အလေးချိန်ရှိတယ်လို့ သိရပါတယ်။

Ref; Thaiger

Leave a Reply

Your email address will not be published. Required fields are marked *