November 1, 2024

MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ သစ်ဆိပ်ဘူတာအနီး ရထားလမ်းကြားတွင် အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး ဧပြီလ ၁၉ ရက်နေ့တွင် ကလေးမီးဖွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါဖြစ်စဥ်တွင် ရထားလမ်းဘေး၌ အိမ်ခြေမဲ့နေထိုင်သူ အမျိုးသမီးငယ်သည် ကလေးမီးဖွားချင်သဖြင့် အနီးအနားသို့ အကူအညီတောင်းရာမှ လူမှုကူညီရေးအသင်းအဖွဲ့များ၏ အရေးပေါ် သတင်းကွန်ရက်အတွင်း ရောက်ရှိလာသဖြင့် အနီးဆုံးအသင်းဖြစ်သော ရှင်သန်ရေး လူမှုကူညီရေးအသင်းမှ အချိန်နှင့်တပြေးညီ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ကျွန်တော်တို့ အသင်းသားတွေရောက်သွားတော့ ကလေးက ထွက်ချင်နေပြီ။ ခေါင်းထွက်နေပြီလို့တောင် ပြောလို့ရတယ်။အဲ့ဒါနဲ့ အခု ဓာတ်ပုံထဲမှာပါတယ်။ ကလေးချီထားတဲ့ ညီမတစ်ယောက်က သားဖွားမီးယပ်သင်တန်းဆင်းထားတော့ သူမွေးပေးလိုက်တာ။ ပြီးမှ မိခင်ရော ကလေးကိုပါ ဆေးရုံပို့ပေးလိုက်တာပါ။ ကလေးက မိန်းကလေးပါ။ မိခင်ရော ကလေးပါကျန်းမာပါတယ်”ဟု MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ကလေးမွေးလူနာအား ဗဟိုအမျိုးသမီးဆေးရုံသို့ ရှင်သန်ရေး လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *