MT News
Written by Nay Aung
အင်ဒိုနီးရှားအာဏာပိုင်များသည် ၎င်းတို့ ရေပိုင်နက်အတွင်း ဝါးဖောင်တစ်ခုအပေါ် မျောပါပိတ်မိနေသော မြန်မာနိုင်ငံသား သုံးဦးကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားအခြေစိုက်မီဒီယာများက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံသားသုံးဦးသည် အင်ဒိုနီးရှားနိုင်ငံ အရှေ့အာချေးပြည်နယ် Darul Aman ဒေသ Kuala Idi Cut ကျေးရွာ ရေပိုင်နက်အတွင်း ဝါးဖောင်တစ်ခုဖြင့် ရက်အတန်ကြာ ပိတ်မိနေခဲ့ပြီး အစာရေစာပြတ်လပ်လျက်ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံ အရှေ့အာချေးပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ Darul Aman AKP Teuku Syahril က ပြောသည်။
အရှေ့အာချေးပြည်နယ် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များသည် Kuala Idi Cut ကျေးရွာ ရေပိုင်နက်နားတွင် ပိတ်မိနေသူသုံးဦးကို သွားရောက်ကယ်တင်ခဲ့ကြောင်း ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့ဟာ မလက္ကာရေလက်ကြားနားမှာ နိုင်ငံခြားသားသုံးဦး မျောပါနေတယ်ဆိုတဲ့သတင်းကို ငါးဖမ်းသမားတွေထံကနေ ကနဦး လက်ခံရရှိခဲ့တယ်။ ပင်လယ်အတွင်းက ဖောင်ပေါ်မှာ ပိတ်မိနေတဲ့သူ သုံးဦးကို ကယ်တင်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ရောက်ရှိချိန်မှာ မြန်မာနိုင်ငံသားသုံးဦးဟာ အားအင်လျော့နည်းနေတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားသုံးဦးကို နောက်ထပ် ပြုစုကုသမှု လုပ်ဆောင်ဖို့ Zubir Mahmud ဆေးရုံကိုပို့ဆောင်ခဲ့တယ်”ဟု အရှေ့အာချေးပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားသုံးဦးသည် အင်ဒိုနီးရှားရေပိုင်နက်အတွင်း ဝါးဖောင်ဖြင့် မည်သို့ရောက်ရှိလာခြင်းကိုမသိရသေးဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာချိန်တွင်အသေးစိတ်အခြေနေများကို ထပ်မံ စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း အရှေ့အာချေးပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲကပြောသည်။
အဆိုပါ မြန်မာနိုင်ငံသား သုံးဦးသည် ငါးဖမ်းသမားများဖြစ်ဖွယ်ရှိနေပြီး ရာသီဥတု ဆိုးရွားမှုကြောင့် အင်ဒိုနီးရှားရေပိုင်နက်အတွင်းရောက်ရှိလာဖွယ်ရှိနေကြောင်း အင်ဒိုနီးရှား မီဒီယာများက ဖော်ပြသည်။
Ref—-antaranews