၂၀. ၄. ၂၀၂၃
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက် ထားလိုသည့် ကုမ္ပဏီများ စိတ်ဝင်စားမှု (Expression of Interest-EOI) အဆိုပြုလွှာများကို စတင်ထုတ်ယူနိုင်ပြီဖြစ်ပြီး မေ ၁၉ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံချုပ်ဆိုထားသော အပင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်ချက် စည်းကမ်းချက်များနှင့်အညီ နှစ်စဥ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားလိုသည့်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
“တန်ချိန်အကန့်အသတ်လည်းမရှိဘူး။ ကုမ္ပဏီအကန့်အသတ်လည်းမရှိဘူး။ ရုံးချုပ်မှာ လျှောက်လွှာ လာယူလို့လည်းရတယ်။ အသင်းရဲ့ Website နဲ့ Facebook၊ Email တို့ကနေလည်း လျှောက်လွှာလေး လိုချင်ပါတယ်ဆိုပြီး ဆက်သွယ်လို့ရသလို၊ Website ကနေ ကိုယ်တိုင် Download ယူပြီးလည်း လျှောက်ထားလို့ရတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက ပြောသည်။
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် (၁) Hard Copy (၂) Soft Copy (Word file) များဖြင့် ၂၀၂၃ ခုနှစ်၊ မေ ၁၉ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင်လမ်းမကြီးရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲနှင့် လမ်းမတော်မြို့နယ်၊ မင်ရဲကျော်စွာလမ်း၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI ၉ လွှာ)ရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံတို့တွင် လျှောက်လွှာများ ရယူရန် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။