၂၀. ၄. ၂၀၂၃
Written by Tha Doe
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ ချောက်မြို့နှင့် ညောင်ဦးမြို့တို့က အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကိုယ်စီဖြင့် ပထမနေရာတွင် ပူးတွဲရပ်တည်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသသုတေသနသတင်းများကို ထုတ်ပြန်ပေးနေသည့် Ogimet ၏ စစ်တမ်းများကို ကိုးကား၍ EDW (El-dorado Weather) တွင် ဖော်ပြထားသည်။
Ogimet တွင် ဖော်ပြထားချက်အရ ကမ္ဘာ့အပူဆုံးမြို့များရှိရာ နိုင်ငံများမှာ မြန်မာ၊ နိုင်ဂျာ၊ အိန္ဒိယ၊ ချက်၊ မာလီ၊ နိုင်ဂျီးရီးယားတို့ဖြစ်ပြီး မြန်မာက သုံးမြို့၊ နိုင်ဂျာက လေးမြို့၊ အိန္ဒိယက ငါးမြို့၊ ချက်၊ မာလီနှင့် နိုင်ဂျီးရီးယားတို့က တစ်မြို့စီပါဝင်နေသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်တွင် ကမ္ဘာ့အပူဆုံးသုံးမြို့အဖြစ် ၄၅ ဒီဂရီစင်တီဂရိတ်ကိုယ်စီဖြင့် ပူးတွဲပထမနေရာရပ်တည်နေသည့် မြို့များမှာ မြန်မာမှ ချောက်နှင့် ညောင်ဦးတို့ဖြစ်ပြီး နိုင်ဂျာမှ N’Guigmi တို့ဖြစ်ပြီး မုံရွာကမူ ၄၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်း၏ အဆင့် ၁၅ နေရာ ရပ်တည်နေသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၁၉ ရက်နေ့လည် ၂ နာရီတိုင်းထွာချက်များအရ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅) ဒီဂရီစင်တီဂရိတ်မှ (၆) ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃) ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့သည်။ ထူးခြားသည့် နေ့အပူချိန်များမှာချောက်မြို့တွင် (၄၅) ဒီဂရီစင်တီဂရိတ်နှင့် ကလေးဝမြို့၊ တမူးမြို့၊ မင်းကင်းမြို့၊ မုံရွာမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ဘော်လခဲမြို့နှင့် ဖားဆောင်းမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အာရှတိုက်အတွင်း အပူချိန်စံချိန်တင်မြင့်တက်နေပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အပူရှိန်မြင့်မားမှုကြောင့် ရုတ်တရက်လဲကျသေဆုံးမှုများဖြစ်ပွားနေပြီး ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက စက်ဘီးစီးအားကစားပြုလုပ်သူတစ်ဦးနှင့် ဧပြီ ၁၉ ရက်တွင် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး လဲကျသေဆုံးမှုဖြစ်ပွားထားသည်။