November 1, 2024

၁၉. ၄. ၂၀၂၃
Written by Ye Kyaw

၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ ဩဂုတ် ၅ ရက်အထိ ကြားကာလအတွင်း တင်ပို့ခဲ့သည့် ပို့ကုန်ကြေညာလွှာ (ED)များအတွက် ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံခြားငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးဖြင့် ကျပ်ငွေလဲလှယ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဧပြီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဥ် (၂၇/၂၀၂၃) ဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ( ၂၀၂၂ ခုနှစ်၊ ဧပြီ ၃ ရက်) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) မထုတ်ပြန်မီ တင်ပို့ခဲ့သော ပို့ကုန်ကြေညာလွှာ Export Declaration (ED) များအတွက် ပြန်လည်ဝင်ရောက်လာသည့် ပို့ကုန်ရငွေအား ၁၀၀ ရာခိုင်နှုန်း ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချအသုံးပြုခွင့် ပြုထားသည်။

အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ထုတ်ပြန်ပြီးကာလ ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ (၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂) မထုတ်ပြန်မီ ကြားကာလတွင် တင်ပို့ခဲ့သော ပို့ကုန်ကြေညာလွှာ (ED)များအတွက် ပြန်လည်ဝင်ရောက်လာသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အမိန့်ကြော်ငြာ စာအမှတ် (၁၂/၂၀၂၂) ပါသတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ပြီး ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအား ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချအသုံးပြုခွင့်ပြုရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကောမတီ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း အသိပေး အကြောင်းကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *