၁၉. ၄. ၂၀၂၃
Written by Pan Ei
ပူပြင်းလှသော ဧပြီလအပူလှိုင်းကြောင့် အာရှတစ်ဝှမ်းရှိ နိုင်ငံများတွင် စံချိန်တင်အပူချိန်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အရှေ့တောင်အာရှရှိ အချို့နိုင်ငံများတွင် ယခုသီတင်းပတ်အတွင်း အမြင့်ဆုံးအပူချိန်များကို ကြုံတွေ့နေရပြီး အိန္ဒိယနိုင်ငံတွင် အပူဒဏ်ကြောင့် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။
လာအိုနိုင်ငံသည် အပူချိန်စံချိန်သစ် တင်ထားသည့် နောက်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး အင်္ဂါနေ့၊ ဧပြီလ ၁၈ ရက်တွင် လွမ်ပရာဘန်းမြို့၌ စံချိန်တင် အပူချိန် ၄၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ် (၁၀၉ ဒီဂရီ ဖာရင်ဟိုက်) သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသသမိုင်းပညာရှင် Maximiliano Herrera က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင်လည်း မိုးလေဝသဌာန၏ အချက်အလက်များအရ လွန်ခဲ့သည့် သီတင်းပတ်ကုန်တွင် ၎င်းတို့နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အပူချိန်မှာ ၄၅ ဒီဂရီစင်တီဂရိတ် (၁၁၃ ဒီဂရီဖာရင်ဟိုက်) အထိ ရောက်ရှိလာခဲ့ကြောင်း Herrera က ဆိုသည်။
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၏ ဘန်နခရိုင်တွင် အပူချိန် အညွှန်းကိန်းမှာ ၅၀ ဒသမ ၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသောကြောင့် ယခုလအစောပိုင်းတွင် ထိုင်းအာဏာပိုင်များက ပြည်နယ်အများအပြားအတွက် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း တနင်္လာနေ့၊ ဧပြီလ ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်း ကလေးဝမြို့တွင် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် (၁၁၁ ဒီဂရီဖာရင်ဟိုက်) အထိ ရောက်ရှိကာ စံချိန်တင်ခဲ့ကြောင်း Herrera က ထပ်လောင်းပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံတဝှမ်းတွင် ပူပြင်းသော အပူချိန်များမှာ ပျံ့နှံ့လျက်ရှိပြီး အင်္ဂါနေ့၊ ဧပြီလ ၁၈ ရက်တွင် တရုတ်နိုင်ငံအရှေ့တောင်ဘက်ရှိ ယွမ်ယန်မြို့တွင် အပူချိန် ၄၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ် (၁၀၈ ဒီဂရီဇာရင်ဟိုက်) အထိ မြင့်မားခဲ့ပြီး တနင်္လာနေ့၊ ဧပြီလ ၁၇ ရက်တွင် ပြည်နယ် ၁၂ ခုရှိ မိုးလေဝသဌာန ၁၀၀ ကျော်က ၎င်းတို့၏ ဧပြီလအပူချိန်စံချိန်များကို ချိုးဖျက်သည့်အပူချိန်အား တိုင်းတာရရှိခဲ့ကြောင်း ရာသီဥတုပညာရှင် ဂျင်ယန်က ပြောကြားခဲ့သည်။
အလားတူ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ ရက်အတော်ကြာ မြင့်တက်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ မိုးလေဝသဌာန၏ အဆိုအရ အင်္ဂါနေ့၊ ဧပြီလ ၁၈ ရက်တွင် အပူချိန်မှာ ၄၂ ဒီဂရီစင်တီဂရိတ်ကျော်ရှိခဲ့ကာ နိုင်ငံအရှေ့ပိုင်း အိုဒီရှာပြည်နယ်တွင် အမြင့်ဆုံးအပူချိန်မှာ ၄၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့သည်။
အိန္ဒိယနိုင်ငံတွင် အပူဒဏ်ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ထရီပူရာနှင့် အရှေ့ဘက်ရှိ အနောက်ဘင်ဂေါပြည်နယ် နှစ်ခုတွင် အပူချိန်သည် ပုံမှန်ထက် ၅ ဒီဂရီစင်တီဂရိတ်ထက် ပိုမိုမြင့်တက်လာသောကြောင့် ယခုသီတင်းပတ်အတွင်း စာသင်ကျောင်းများကို ပိတ်ထားရန် အမိန့်ပေးခဲ့ကြောင်း ပြည်နယ်အစိုးရများက ပြောကြားခဲ့သည်။
အန္တရာယ်ရှိသော အပူလှိုင်းများသည် ရာစုနှစ်အကူးတွင် သုံးဆမှ ဆယ်ဆအကြား ပိုမိုများပြားလာတတ်ကြောင်း ၂၀၂၂ ခုနှစ် လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပြီး အာရှတိုက် အပူပိုင်းဒေသအများစုရှိ လူများသည် တစ်နှစ်ပတ်လုံး အန္တရာယ်ရှိသော အပူဒဏ်ကို ကြုံတွေ့ရနိုင်ကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
တောင်အာရှနှင့် အရှေ့တောင်အာရှတဝှမ်းတွင် အပူချိန်သည် ဆက်လက် ပူပြင်းလျက်ရှိနေဦးမည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြပြီး နှစ်စဉ် မုတ်သုံမိုးမစတင်မီကာလဖြစ်သည့် ဧပြီလနှင့် မေလသည် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် အပူချိန်အမြင့်မားဆုံး လများဖြစ်သည်။
Ref; CNN